Pages

Subscribe:

Wednesday, June 24, 2015

ရီးယဲမက်ဒရစ်တွင် ရာမို့စ် မပျော်မရွှင် ဖြစ်နေကြောင်း ကယ်ဒါရွန် ပြောကြား



ရီးယဲမက်ဒရစ်တွင် ရာမို့စ် မပျော်မရွှင် ဖြစ်နေကြောင်း ကယ်ဒါရွန် ပြောကြား

ဆာဂျီယိုရာမို့စ်သည် ဆန်တီယေဂို ဘာနေဗျူးတွင် မပျော်ပိုက်တော့ကြောင်းနှင့် ကစားသမား၏ စိတ်မပျော်မရွှင် ဖြစ်မှုကြောင့် စာချုပ်သစ်ဆွေးနွေးမှုကို ရပ်ဆိုင်းထားရကြောင်း ရီးယဲမက်ဒရစ် ဥက္ကဋ္ဌဟောင်း ရာမွန်ကယ်ဒါရွန်က ပြောကြားလိုက်သည်။

ရာမို့စ်နှင့် မက်ဒရစ်တို့၏ စာချုပ်သက်တမ်းသည် နှစ်နှစ်သာ ကျန်ရှိတော့ပြီး ၎င်းစပိန်လက်ရွေးစင် ကစားသမားကို မန်ချက်စတာယူနိုက်တက်က ပစ်မှတ်ထားနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ ထို့အပြင် ဘာစီလိုနာ ဥက္ကဋ္ဌရာထူးအတွက် ရွေးကောက်ပွဲဝင်မည့်သူတစ်ဦးကလည်း ရာမို့စ်ကို ခေါ်ယူရန် ကမ်းလှမ်းခဲ့ကြောင်း ဆိုခဲ့သည်။

ကယ်ဒါရွန်က “အသင်းဥက္ကဋ္ဌက ရာမို့စ်ရဲ့ စာချုပ်သက်တမ်းကို တိုးမြှင့်ဖို့ မကမ်းလှမ်းသေးပါဘူး။ ဒါဟာ သူ့အနေနဲ့ အသင်းမှာ မပျော်ရွှင်ဘူးဆိုတော့ဘူးတဲ့ သဘောပါ။ ကျွန်တော်ကတော့ ရာမို့စ်အနေနဲ့ ကာလိုအန်ဆယ်လော့တီကို ထောက်ခံပြီး သူအထုတ်ခံရတာကို လက်မခံတဲ့အတွက်ကြောင့်လို့ ထင်ပါတယ်။ နောက်ပြီး အိုင်ကာ ကားဆီးလက်စ်ရဲ့ ကိစ္စလည်း ပါပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

ရာမို့စ်သည် လူးဝစ်ဗန်ဂါးလ် အလိုရှိသည့် ကစားသမားစာရင်းတွင် ထိပ်ဆုံးမှ ပါဝင်နေသလို မက်ဒရစ်ကလည်း ယူနိုက်တက် ဂိုးသမား ဒေးဗစ်ဒီဂီယာကို ခေါ်ယူရန် ဆန္ဒရှိနေကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

“လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ဘာတွေဖြစ်လာမလဲဆိုတာ ကြည့်ရပါမယ်။ သူက ရီးယဲမက်ဒရစ် ပရိသတ်တွေ အနှစ်သက်ဆုံး ကစားသမားတစ်ယောက်ပါ။ သူက ကမ္ဘာ့အကောင်းဆုံး ဗဟိုနောက်ခံ ကစားသမားတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ သူက ဗဟိုခံစစ်ပိုင်းမှာ ကစားနိုင်သလို ကွင်းလယ်မှာလည်း ကစားနိုင်သူပါ” ဟု ကယ်ဒါရွန်က ပြောကြားသွားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment