Pages

Subscribe:

Friday, June 26, 2015

ချန်ပီယံ ဆုအတွက် ခြေစွမ်း တည်ငြိမ်မှုသည် အာဆင်နယ်၏ အဓိက လိုအပ်ချက်ဟု ဝဲလ်ဘက်ဆို



ချန်ပီယံ ဆုအတွက် ခြေစွမ်း တည်ငြိမ်မှုသည် အာဆင်နယ်၏ အဓိက လိုအပ်ချက်ဟု ဝဲလ်ဘက်ဆို

ခြေစွမ်း တည်ငြိမ်မှုသည် ပရီးမီးယားလိဂ် ချန်ပီယံဆုကို အာဆင်နယ် စိန်ခေါ်နိုင်ရေးအတွက် အဓိက လိုအပ်ချက် ဖြစ်လိမ့်မည်ဟု ဒန်နီဝဲလ်ဘက်က မှတ်ချက်ပြု ပြောကြားလိုက်သည်။

အာဆင်နယ်သည် ပြီးခဲ့သည့် ရာသီက (၃၂)နှစ်အတွင်း အဆိုးရွားဆုံး ရာသီအစပိုင်း ရလဒ်များကို ကြုံခဲ့သော်လည်း ရာသီနှောင်းပိုင်းတွင် ခြေစွမ်းတောက်လျှောက် တက်ရိပ်ပြလာပြီး ပရီးမီးယားလိဂ် အဆင့်(၃) နေရာ၌ ရပ်တည်နိုင်ခဲ့သည်။ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဝဲလ်ဘက်က ပြီးခဲ့သည့်ရာသီ နှောင်းပိုင်း ခြေစွမ်းမျိုးဖြင့် ရာသီအစကတည်းက အရှိန်တင် ကစားနိုင်မည်ဆိုလျှင် လာမည့်ရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို မျှော်လင့်နိုင်မည်ဟု ယူဆနေသည်။ ယခုရာသီ ချန်ပီယံ ဖြစ်ခဲ့သည့် ချယ်လ်ဆီးသည်လည်း ရာသီအစပိုင်း ပွဲစဉ်ရလဒ်များ အလွန်ကောင်းမွန်ခဲ့ခြင်းကြောင့် ပြိုင်ဘက်များကို အသာစီး ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ဝဲလ်ဘက်က “ချယ်လ်ဆီး ချန်ပီယံဖြစ်သွားတာကို အသိအမှတ်ပြုရပါမယ်။ သူတို့အသင်းက ပြီးခဲ့တဲ့ ရာသီတစ်လျှောက်လုံး အရမ်းခြေငြိမ်တယ်။ သူတို့ စွမ်းဆောင်ရည်ရော၊ ရလဒ်ပိုင်းရော ဆိုပါတော့။ သူတို့အသင်း ကစားပုံ မကောင်းတဲ့ အချိန်တွေ ရှိခဲ့ပေမယ့် လိုချင်တဲ့ ရလဒ်ကိုတော့ ယူနိုင်ခဲ့တာပဲ။ သူတို့မှာ အောင်နိုင်စိတ် အပြည့်အဝ ရှိတယ်။ တစ်ပွဲလောက် ရလဒ်မကောင်းရင် နောက်ပွဲမှာ (၃)မှတ်ယူဖို့ ကြိုးစားတော့တာပဲ။ အာဆင်နယ်ကတော့ ရာသီအစပိုင်းမှာ အမှတ်တွေ တော်တော်များများ ဆုံးရှုံးခဲ့တယ်။ အဲဒါကြောင့်ပဲ နောက်ပိုင်းမှာတော့ ချယ်လ်ဆီးနဲ့ယှဉ်ရင် နောက်ကောက်ကျသွားတာ မြင်သာပါတယ်”ဟု ဆိုသည်။

၎င်းက “ကျွန်တော်တို့ အနေနဲ့ ချန်ပီယံဆုကို မျှော်လင့်တယ်ဆိုရင် တစ်ပွဲမှာ သုံးမှတ်ယူပြီး နောက်တစ်ပွဲမှာ သုံးမှတ် ထပ်ရဖို့ အရမ်းအရေးကြီးပါတယ်။ ဒီအချက်ကို အလေးအနက် စဉ်းစားရမှာဖြစ်ပြီး လာမယ့်ရာသီမှာ လက်တွေ့ လုပ်နိုင်မယ် ထင်ပါတယ်။ အသင်းသားအားလုံး စူးစူးစိုက်စိုက်နဲ့ ရာသီအစပိုင်း ကတည်းက အားကောင်းကောင်း ဖြတ်သန်းနိုင်ဖို့ မျှော်လင့်ပါတယ်” ဟုလည်း ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment