Pages

Subscribe:

Wednesday, June 24, 2015

ဖာမီနိုကို ခေါ်ယူနိုင်ရန် လီဗာပူးလ် အရှိန်မြှင့် လုပ်ဆောင်နေ ~ ဘက္ကာနှင့် ရွန်ဒိုတို့ကိုလည်း ချိတ်ဆက်နေ



ဖာမီနိုကို ခေါ်ယူနိုင်ရန် လီဗာပူးလ် အရှိန်မြှင့် လုပ်ဆောင်နေ ~ ဘက္ကာနှင့် ရွန်ဒိုတို့ကိုလည်း ချိတ်ဆက်နေ

လီဗာပူးလ် အသင်းသည် ဟော်ဖန်ဟိုင်း ကွင်းလယ်တိုက်စစ်သမား ရောဘတ်တို ဖာမီနိုကို ခေါ်ယူနိုင်ရန် နီးစပ်နေပြီဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

ဘရာဇီးလ် လက်ရွေးစင် အသင်းနှင့်အတူ ကိုပါအမေရိက ဖလားတွင် သွားရောက် ယှဉ်ပြိုင်နေသည့် ဖာမီနိုအပြင် ကိုလံဘီယာ လက်ရွေးစင် တိုက်စစ်မှူး ကားလို့စ်ဘက္ကာနှင့် ဗင်နီဇွဲလား လက်ရွေးစင် တိုက်စစ်မှူး ဆော်လမွန် ရွန်ဒိုတို့ကိုလည်း ချိတ်ဆက် ဆွေးနွေးနေကြောင်း သိရသည်။ တိုက်စစ်ပိုင်း အားဖြည့်မှုအတွက် အက်စ်တန်ဗီလာမှ ခရစ္စတီယန် ဘန်တက်ကီကို ဦးစားပေး ပစ်မှတ်ထားခဲ့သော်လည်း ပေါင်စတာလင် (၃၂.၅)သန်းထိ ခေါ်ဈေး သတ်မှတ်ထားခြင်းကြောင့် လီဗာပူးလ် မန်နေဂျာ ဘရန်ဒန်ရော့ဂျာသည် တောင်အမေရိက ကစားသမားများထံ ဦးလှည့်လာခြင်း ဖြစ်သည်။

သတင်းများက လီဗာပူးလ်သည် ဖာမီနိုအတွက် ပေါင်စတာလင် (၂၈)သန်း ဝန်းကျင်ဖြင့် သဘောတူညီမှု ရရှိထားပြီး လာမည့် (၂၄)နာရီအတွင်း အပြောင်းအရွှေ့ လက်တွေ့ ဖြစ်လာဖွယ် ရှိနေကြောင်း ဖော်ပြခဲ့သည်။ ဖာမီနိုသည် နောက်ချန်တိုက်စစ် နေရာတွင် အကောင်းဆုံး ကစားနိုင်သူဖြစ်ရာ လီဗာပူးလ်မှ ထွက်ခွာဖွယ် ရှိနေသည့် ရာဟင်မ် စတာလင်၏ နေရာအတွက် အသင့်တော်ဆုံး အစားထိုးမှုလည်း ဖြစ်လာဖွယ် ရှိနေသည်။ သတင်းများ ထွက်ပေါ်နေသည့် ပြောင်းရွှေ့ကြေးအတိုင်း ဖာမီနိုကို ဝယ်ယူနိုင်ခဲ့ပါက အသက်(၂၃)နှစ်အရွယ် ကစားသမားသည် လီဗာပူးလ်၏ ဒုတိယ အမြင့်ဆုံး ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပိုင်ရှင်အဖြစ် မှတ်တမ်းဝင်လာမည် ဖြစ်သည်။

ပြီးခဲ့သည့် ရာသီက တိုက်စစ်မှူးများ စွမ်းဆောင်ရည် အလွန်အမင်း ကျဆင်းခဲ့သည်ကို ဖာထေးရန်အတွက် ရော့ဂျာသည် ဆီဗီးလားမှ ဘက္ကာနှင့် ဇင်းနစ် စိန့်ပီတာစဘာ့ဂ်မှ ရွန်ဒိုတို့ကိုလည်း ဆက်သွယ်လျက် ရှိသည်။ ပြီးခဲ့သည့် ရာသီက (၂၈)ဂိုးထိ သွင်းယူခဲ့ပြီး ဆီဗီးလားအသင်း ယူရိုပါလိဂ် ချန်ပီယံ ဖြစ်လာအောင် ကူညီပေးခဲ့သည့် ဘက္ကာမှာ ပေါင်စတာလင် သန်း(၂၀)မျှ ပေါက်ဈေးရှိနေသူ ဖြစ်သည်။ ရွန်ဒိုမှာမူ ရုရှားချန်ပီယံ ဇင်းနစ်အသင်းအတွက် သွင်းဂိုး (၂၀)ထိ ရယူပေးနိုင်ခဲ့သူ ဖြစ်သည်။

Soccer Myanmar

0 comments:

Post a Comment