Thursday, June 18, 2015
ဟီဂူရင်းကို ရောင်းမည်မဟုတ်ဟု နာပိုလီ ဥက္ကဋ္ဌ ပြောကြား
ဟီဂူရင်းကို ရောင်းမည်မဟုတ်ဟု နာပိုလီ ဥက္ကဋ္ဌ ပြောကြား
တိုက်စစ်မှူး ဂွန်ဇာလို ဟီဂူရင်းကို ရောင်းထုတ်သွားရန် စိတ်ကူးလုံးဝ မရှိကြောင်း နာပိုလီ ဥက္ကဋ္ဌ အော်ရယ်လီယို ဒီလော်ရန်တေးက ပြောကြားလိုက်သည်။
အာဂျင်တီးနား လက်ရွေးစင် ကစားသမားသည် နေပယ်လ်အခြေစိုက် အသင်းတွင် မတည်မငြိမ် ဖြစ်နေကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း ဒီလော်ရန်တေးကမူ မည်သူမျှ ကစားသမား၏ သတ်မှတ်ဈေးနှုန်းအတိုင်း ယူရို သန်း(၁၀၀) ပေးချေရန် ရူးမိုက်လိမ့်မည် မထင်ကြောင်း ပြောဆိုခဲ့သည်။ ဟီဂူရင်းသည် (၂၀၁၃)ခုနှစ်က ရီးယဲလ်မက်ဒရစ်မှ နာပိုလီသို့ ယူရိုသန်း(၄၀)ဖြင့် ပြောင်းရွှေ့လာပြီးနောက် အသင်းအတွက် (၁၀၂)ပွဲတွင် (၅၃)ဂိုးထိ သွင်းယူထားခဲ့သည်။
သို့သော်လည်း လာမည့်ရာသီ ချန်ပီယံလိဂ်တွင် ပါဝင်ယှဉ်ပြိုင်ခွင့်ကို နာပိုလီ အနေဖြင့် လက်လွှတ်ခံလိုက်ရပြီးနောက် ဟီဂူရင်းသည် ဆန်ပေါ်လိုကို စွန့်ခွာကာ ဥရောပ၏ ထိပ်တန်း အသင်းကြီး တစ်ခုခုသို့ ပြောင်းရွှေ့ရန် ကြံစည်နေကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။ ဒီလော်ရန်တေးကမူ မိမိတို့သည် ဟီဂူရင်းကို ရောင်းရန် စိတ်ကူးမရှိကြောင်းနှင့် အကယ်၍ ၎င်းကို လိုချင်သည့် အသင်းသည် စာချုပ်ပါ သတ်မှတ်ဈေးနှုန်းအတိုင်း ပေးချေရန်မှလွဲပြီး အခြားရွေးချယ်စရာ ရှိလိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ဟီဂူရင်းသည် နာပိုလီတွင် စာချုပ်သက်တမ်း (၃)နှစ် ကျန်ရှိနေဆဲ ဖြစ်သည်။
“သတင်းစာတွေ ဆိုတာက သူတို့ ဘာရေးနေတယ် ဆိုတာကို သူတို့ဖာသာ မသိကြပါဘူး။ ပြောရရင် မုသားတွေ ပင်လယ်ဝေအောင် ဖန်တီးနေကြတာပါ။ ကစားသမားဟာ သူ့ရဲ့ စာချုပ်ကို လေးစားရပါမယ်။ တကယ်လို့ သူ့စာချုပ်ပါ ဈေးနှုန်းအတိုင်း အရူးတစ်ယောက်ယောက်က ကမ်းလှမ်းခဲ့ရင်တော့ အဆင်ပြေချင် ပြေလိမ့်မယ်။ ဒါပေမဲ့ အခုအချိန်ထိ ဟီဂူရင်းဟာ နာပိုလီပိုင် ကစားသမားပါ”ဟု ဒီလော်ရန်တေးက ဆိုသည်။ ဟီဂူရင်းကို အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်း အများအပြားက စိတ်ဝင်စားနေပြီး အာဆင်နယ်၊ လီဗာပူးလ်တို့လည်း အပါအဝင်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment