Pages

Subscribe:

Wednesday, July 1, 2015

ယူနိုက်တက် တစ်သင်းလုံးတွင် ပင်ကို ပါရမီ အပြည့်ဝဆုံး ကစားသမားသည် ဒီမာရီယာဖြစ်ဟု ရိုဟိုပြောကြား



ယူနိုက်တက် တစ်သင်းလုံးတွင် ပင်ကို ပါရမီ အပြည့်ဝဆုံး ကစားသမားသည် ဒီမာရီယာဖြစ်ဟု ရိုဟိုပြောကြား

မန်ချက်စတာ ယူနိုက်တက် တစ်သင်းလုံးတွင် ပင်ကို ပါရမီ အပြည့်ဝဆုံး ဘောလုံးသမားသည် အိန်ဂျယ်လ် ဒီမာရီယာပင် ဖြစ်လိမ့်မည်ဟု အသင်းဖော် မားကို့စ်ရိုဟိုက ပြောကြားလိုက်သည်။

အသက်(၂၇)နှစ် အရွယ်ရှိ အာဂျင်တီးနား လက်ရွေးစင်သည် ယူနိုက်တက်သို့ ဗြိတိသျှ စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း(၆၀)နီးပါးဖြင့် ရောက်ရှိလာပြီးနောက် ပထမဆုံး ဘောလုံးရာသီတွင် အထိုင်မကျဘဲ ရုန်းကန်ခဲ့ရသည်။ ၎င်းသည် အက်ရှ်လေယန်း၏ အရန်ကစားသမား ဖြစ်ခဲ့သည်အထိ အခြေအနေ ဆိုးခဲ့သော်လည်း လက်ရှိတွင်မူ အာဂျင်တီးနား လက်ရွေးစင် အသင်းနှင့်အတူ ကိုပါအမေရိက ဖလားပြိုင်ပွဲ၌ အကောင်းဆုံး စွမ်းဆောင်ရည်မျိုး ပြန်လည် ရရှိနေသည်။

ဒီမာရီယာသည် ပါရာဂွေးကို (၆-၁)ဖြင့် အနိုင်ယူကာ ကိုပါအမေရိကဖလား ဗိုလ်လုပွဲ တက်ခဲ့သည့် ပွဲစဉ်တွင် အာဂျင်တီးနားအတွက် (၂)ဂိုးသွင်းကာ အသင်းဖော် ဆာဂျီယို အဂူရို ဂိုးသွင်းနိုင်အောင်လည်း ပံ့ပိုးပေးခဲ့သည်။ ထိုပွဲတွင် ကိုယ်တိုင်လည်း တစ်ဂိုးသွင်းခဲ့သည့် နောက်ခံလူ ရိုဟိုက “ကျွန်တော့် အမြင်အရတော့ ယူနိုက်တက် တစ်သင်းလုံးမှာ ပင်ကိုပါရမီ အပြည့်ဝဆုံး ကစားသမားက ဒီမာရီယာပါပဲ။ အသင်းမှာ တကယ့်ကို ထူးချွန်တဲ့ ကစားသမားတွေ ရှိနေတယ် ဆိုပေမယ့် ဒီမာရီယာကတော့ ကျွန်တော့်အတွက် တစ်သင်းလုံးရဲ့ အကောင်းဆုံးသူပါ။ တစ်ကမ္ဘာလုံးမှာလည်း အကောင်းဆုံး စာရင်းဝင် ကစားသမား တစ်ယောက် ဖြစ်ပါတယ်” ဟု ဆိုသည်။

ရိုဟိုက “မနှစ်ကတော့ သူ့အတွက် ခက်ခဲတဲ့ ကာလတွေ ဖြစ်ခဲ့ပါတယ်။ အသင်းမှာ အထိုင်ကျဖို့အတွက် သူ့မှာ ပြဿနာတွေ ရှိခဲ့တယ်။ ဒါပေမဲ့ အဲဒါမျိုးက သာမန်အခြေအနေ တစ်ခုပါပဲ။ ဘယ်လို ကစားသမားမဆို နိုင်ငံသစ်တစ်ခု၊ လိဂ်ပြိုင်ပွဲသစ် တစ်ခုမှာ ရုတ်တရက် သွားကစားရတဲ့အခါ ဒါမျိုး ကြုံရတတ်ပါတယ်။ ဒါပေမဲ့ ရှေ့လာမယ့် လပိုင်းတွေမှာတော့ သူဟာ အကောင်းဆုံးတွေ လုပ်ပြနိုင်မယ်ဆိုတာ ကျွန်တော် သေချာပေါက် ပြောရဲပါတယ်”ဟုလည်း မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment