Pages

Subscribe:

Wednesday, July 8, 2015

လီဗာပူးလ်၏ ရာသီကြို ခြေစမ်းခရီးစဉ်တွင် မလိုက်ပါလိုဟု စတာလင် ငြင်းဆန်ခဲ့ကြောင်း သတင်းများထွက်ပေါ်



လီဗာပူးလ်၏ ရာသီကြို ခြေစမ်းခရီးစဉ်တွင် မလိုက်ပါလိုဟု စတာလင် ငြင်းဆန်ခဲ့ကြောင်း သတင်းများထွက်ပေါ်

လီဗာပူးလ် အသင်း၏ ရာသီကြို ခြေစမ်းခရီးစဉ်တွင် လိုက်ပါရန် ရာဟင်မ် စတာလင်က ငြင်းဆိုခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

အသက်(၂၀) အရွယ်ရှိ အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ်သမားသည် အန်းဖီးလ်မှ ထွက်ခွာမည်ဟု သတင်းကြီးနေသူဖြစ်ပြီး မန်ချက်စတာ စီးတီးက ၎င်းကို အလေးအနက် ချိတ်ဆက်လျက် ရှိသည်။ လတ်တလောတွင် မန်စီးတီးသည် စတာလင်အတွက် ပေါင်စတာလင် (၃၅)သန်းမှ နောက်ထပ် (၅)သန်း ထပ်တိုးပေးကာ ဒုတိယအကြိမ် ချဉ်းကပ် ကမ်းလှမ်းလာသော်လည်း လီဗာပူးလ်က ပယ်ချထားသည်။ လီဗာပူးလ်သည် အာရှအရှေ့ဖျားနှင့် ဩစတြေးလျတို့တွင် ရာသီကြို ခြေစမ်းခရီးစဉ် သွားရောက်ကစားရန် စီစဉ်ထားသော်လည်း စတာလင်ကမူ အင်္ဂလန်တွင်သာ ဆက်နေရန် ဆန္ဒရှိနေကြောင်း သိရသည်။

ဗြိတိန်မီဒီယာများက စတာလင်သည် မိမိအနေဖြင့် အသင်းနှင့်အတူ မလိုက်ပါလိုဟု လီဗာပူးလ် တာဝန်ရှိသူများထံ အသိပေးခဲ့ကြောင်း ဖော်ပြခဲ့သည်။ လီဗာပူးလ်သည် စတာလင်ကို ဆက်လက် ထိန်းသိမ်းထားရန် ဆန္ဒရှိနေဆဲဖြစ်ပြီး မဖြစ်မနေ ရောင်းထုတ်ရပါကလည်း ပေါင်စတာလင် သန်း(၅၀)မျှထိ တောင်းဆိုသွားရန် လိုလားနေသည်။ စတာလင်က အသင်းနှင့်အတူ မလိုက်ပါလိုကြောင်း အသိပေးခဲ့သည့်တိုင် မန်နေဂျာ ဘရန်ဒန်ရော့ဂျာကမူ တနင်္ဂနွေနေ့တွင် ဘန်ကောက်သို့ သွားရောက်မည့် လူစာရင်း၌ ၎င်းကို မဖြစ်မနေ ထည့်သွင်းခေါ်ယူသွားဖွယ် ရှိနေကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။

ယခုကဲ့သို့ ဖြစ်ရပ်မျိုးသည် ကလပ်အသင်း တစ်ခု၏ စည်းကမ်းပိုင်းအရ ကြပ်မတ်စွာ ကိုင်တွယ်လေ့ရှိသည့် ပြဿနာ ဖြစ်သော်လည်း လီဗာပူးလ်ကမူ ၎င်းတို့၏ ရာသီကြို လေ့ကျင့်ရေး ခရီးစဉ် မစတင်မီတွင် အရှုပ်အထွေး ပိုမိုကြီးမားလာမည့် အခြေအနေမျိုးမှ ရှောင်လွှဲရန် ဦးစားပေး စဉ်းစားဖွယ် ရှိနေသည်။ လီဗာပူးလ်သည် လွန်ခဲ့သည့် (၂)နှစ်က တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ် အာဆင်နယ်သို့ ပြောင်းရွှေ့ရန် ကြိုးစားရာတွင် အလားတူ အကျပ်ရိုက်မှုမျိုး ကြုံခဲ့ဖူးပြီး နောက်ပိုင်းတွင်မူ ဆွာရက်ဇ်က အသင်းတွင် ဆက်ကစားပေးရန် သဘောတူညီခဲ့သည်။

Soccer Myanmar
Khant Gyi

0 comments:

Post a Comment