Pages

Subscribe:

Sunday, July 19, 2015

ချယ်ဆီးတွင် ပေါ့ဂ်ဘာကို မလိုအပ်ကြောင်း မော်ရင်ဟို ပြောကြား



ချယ်ဆီးတွင် ပေါ့ဂ်ဘာကို မလိုအပ်ကြောင်း မော်ရင်ဟို ပြောကြား

ချယ်ဆီးက ဂျူဗင်တပ်စ် ကြယ်ပွင့် ပေါလ်ပေါ့ဂ်ဘာကို စိတ်ဝင်စားနေသော်လည်း လက်ရှိ အသင်းလူစာရင်းအပေါ် ကျေနပ်ဝမ်းမြောက်ကြောင်း အသင်းမန်နေဂျာ ဟိုဆေးမော်ရင်ဟိုက အတည်ပြု ပြောကြားလိုက်သည်။

ပေါ်တူဂီမန်နေဂျာသည် ပြင်သစ် ကွင်းလယ်ကစားသမားကို လွန်ခဲ့သည့် တစ်နှစ်ကျော်ကတည်းက အသင်း၏ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားခဲ့သော်လည်း ၎င်းကို ခေါ်ယူရန် ဥရောပထိပ်တန်းအသင်းအချို့နှင့် ယှဉ်ပြိုင်နေရသည်။

မော်ရင်ဟိုသည် ယခုနှစ် နွေရာသီတွင် အသင်း၏ လူစာရင်း၌ ရာဒါမယ် ဖယ်ကာအိုနှင့် ဂိုးသမား အက်စ်မီယာ ဘီဂိုဗစ်တို့ကို ခေါ်ယူအားဖြည့်ခဲ့သည်။ ပေါ့ဂ်ဘာသည် မည်သည့်အသင်း၏ ခြေစွမ်းကိုမဆို ပိုကောင်းလာစေနိုင်သော်လည်း မိမိ၏ လက်ရှိအသင်းလူစာရင်းစုဖွဲ့မှုအပေါ် ယုံကြည်မှုအပြည့်ရှိကြောင်း မော်ရင်ဟိုက ဆိုခဲ့သည်။

“ပေါ့ဂ်ဘာက ကမ္ဘာ့ထိပ်တန်း ကစားသမား တစ်ယောက်ဖြစ်ပါတယ်။ သူက ဘယ်အသင်းမှာမဆို ကစားနိုင်ပြီး အသင်းရဲ့ ခြေစွမ်းကို အလိုအလျောက် ကောင်းစေနိုင်သူပါ။ ဂျူဗင်တပ်စ်မှာ သူဆက်နေခဲ့ရင်လည်း ဂျူဗင်တပ်စ်က အရမ်းကို တောင့်တင်းတဲ့အသင်းအနေနဲ့ ဆက်ရှိနေပါလိမ့်မယ်။ အခြားအသင်းကို သူပြောင်းရွှေ့ခဲ့ရင်လည်း အဲ့ဒီအသင်းက ချက်ချင်းကို ကောင်းလာပါလိမ့်မယ်။ ဒါဟာ ကျွန်တော်တို့ ကိစ္စမဟုတ်ပါဘူး။ ကျွန်တော်တို့က ဆက်ခ်ျနေရာမှာ ဘီဂိုဗစ်နဲ့ အားဖြည့်ခဲ့သလို ဒီဒီယာနေရာမှာလည်း ဖယ်ကာအိုနဲ့ အစားထိုးနိုင်ခဲ့ပါဘူး။ လူတိုင်းက ပေါ့ဂ်ဘာကို စိတ်ဝင်စားနေကြပေမယ့် ကျွန်တော်တို့ လုပ်နိုင်တဲ့ကိစ္စရှိသလို မလုပ်နိုင်တဲ့ကိစ္စတွေလည်း ရှိပါတယ်။ ကျွန်တော်က အီဖယ်မျှော်စင်ကို ကြိုက်ပေမယ့် အဲ့ဒါကို ကျွန်တော့်ခြံထဲမှာ လာထားဖို့ မစွမ်းနိုင်ပါဘူး” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပြီးခဲ့သည့် ဘောလုံးရာသီက မန်ချက်စတာယူနိုက်တက်တွင် ခြေစွမ်းဆိုးရွားခဲ့သော တိုက်စစ်မှူး ဖယ်ကာအို အနေဖြင့် ရာသီသစ်တွင် ကြံ့ခိုင်မှုအပြည့်ဖြင့် စွမ်းဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ချယ်ဆီး မန်နေဂျာက ဆိုခဲ့သည်။

“ကစားသမားတစ်ယောက် ပြင်းထန်တဲ့ ဒဏ်ရာရမှုတွေ ဆက်တိုက်ဖြစ်ပြီးတဲ့အခါမှာ ခြေစွမ်းဆိုးရွားတာမျိုး ဖြစ်တတ်ပါတယ်။ သူက ယူနိုက်တက်မှာ မစွမ်းဆောင်နိုင်ခဲ့တဲ့ အရာတွေ အများကြီးရှိခဲ့ပါတယ်။ အချို့ ကစားသမားတွေက ချယ်ဆီးမှာ ခြေစွမ်းမပြနိုင်ခဲ့ပေမယ့် အခြားအသင်းရောက်တော့ ခြေစွမ်းပြန်ရသွားကြပါတယ်။ ဒါဟာ ဖြစ်နေကျကိစ္စတွေပါ။ ဖယ်ကာအိုအနေနဲ့ မန်ချက်စတာယူနိုက်တက်ကို မပြောင်းခင်တုန်းက ခွဲစိတ်မှုပြုလုပ်ထားတဲ့ အခြေအနေက ကောင်းတယ်ဆိုတာကို ကျွန်တော်တို့ သိထားပါတယ်။ သူ့အနေနဲ့ အသင်းမှာ အကောင်းဆုံး စွမ်းဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ အခုဆိုရင် အသင်းမှာ ဖယ်ကာအို၊ ရီမီနဲ့ ဒီယေဂို သုံးဦးရှိနေပါပြီ။ အဲ့ဒီအတွက် အရမ်းကို ပျော်ရွှင်မိပါတယ်” ဟု မော်ရင်ဟိုက ပြောကြားသွားခဲ့သည်။

ထို့အပြင် မန်ချက်စတာယူနိုက်တက်ကာ ဘတ်စ်တီယန် ရှဝိန်းစတိုင်ဂါ၊ မော်ဂန် ရှနိုက်ဒါလင်နှင့် မမ်ဖစ် ဒီပေးတို့အတွက် ပေါင် သန်း ၈၀ ကျော် သုံးစွဲထားသလို မန်ချက်စတာစီးတီးကလည်း ရာဟင်းမ် စတာလင်အတွက် ပေါင် ၄၉ သန်း သုံးစွဲခဲ့သော်လည်း ချယ်ဆီးက ချန်ပီယံအသင်း လူစာရင်းကို ပိုင်ဆိုင်ထားဆဲ ဖြစ်ကြောင်း ဆိုခဲ့သည်။

“ကျွန်တော့်တို့ အသင်းက မပြောင်းလဲပေမယ့် အခြားအသင်းတွေက အရင်လိုမဟုတ်တော့ဘူးဆိုတာကို ကစားသမားတွေကို ပြောခဲ့ပါတယ်။ ကျွန်တော်တို့က အခြားအသင်းတွေရဲ့ ငွေကြေးသုံးစွဲမှုကို မတားဆီးနိုင်ပါဘူး။ နောက်ပြီး အခြားအသင်းတွေက သူတို့အနေနဲ့ ချန်ပီယံအသင်းနဲ့ ရင်ဆိုင်ရမယ်ဆိုတဲ့ စိတ်ကို ကျွန်တော် မတားဆီးနိုင်ပါဘူး။ အခြားအသင်းက ငွေသုံးစွဲနေပါတယ်။ သူတို့က ကျွန်တော်တို့အသင်းထက် ပိုကောင်းဖို့အတွက် ကစားသမား အများကြီး ဝယ်ယူနေရပါတယ်။ ကျွန်တော်တို့ကတော့ အရင်အတိုင်း မပြောင်းလဲပါဘူး။ ဂိုးသမား တစ်ယောက်နဲ့ တိုက်စစ်မှူးတစ်ယောက်ကို လဲခဲ့ပေမယ့် အရင်အတိုင်းပါပဲ။ ဒါဟာ ကြီးမားတဲ့ စိန်ခေါ်မှုပါ။ အရင်လူစာရင်းအတိုင်း ပိုကောင်းအောင် စွမ်းဆောင်ရမယ့်အခါမှာ ကစားသမားတွေအနေနဲ့ ပြီးခဲ့တဲ့နှစ်ထက် ပိုကောင်းအောင် စွမ်းဆောင်ရပါတော့မယ်။ သူတို့က ငါတို့ ပြီးခဲ့တဲ့ရာသီမှာ ခြေစွမ်းပြခဲ့ပေမယ့် ဒီနှစ်မှာတော့ ဒီလောက်နဲ့ မလုံလောက်တော့ဘူး ဆိုတဲ့အတွေးမျိုး တွေးနေပါလိမ့်မယ်” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

Soccer Myanmar
Khant Gyi

0 comments:

Post a Comment