Pages

Subscribe:

Saturday, July 4, 2015

မိမိ၏ အဓိကတာဝန်မှာ မက်ဆီနှင့် ဒီမာရီယာ ခြေစွမ်းပြနိုင်ရန် ကူညီပေးရခြင်းဖြစ်ဟု ပတ်စ်တိုရီ ဆို



မိမိ၏ အဓိကတာဝန်မှာ မက်ဆီနှင့် ဒီမာရီယာ ခြေစွမ်းပြနိုင်ရန် ကူညီပေးရခြင်းဖြစ်ဟု ပတ်စ်တိုရီ ဆို

မိမိ၏ အဓိကတာဝန်သည် အိန်ဂျယ်ဒီမာရီယာနှင့် လီယွန်နယ်မက်ဆီတို့ အကောင်းဆုံးခြေစွမ်းဖြင့် ကစားနိုင်ရန်အတွက် ကူညီပေးရခြင်း ဖြစ်ကြောင်း အာဂျင်တီးနား ကွင်းလယ် ကစားသမား ဟာဗီးယား ပတ်စ်တိုရီက ပြောကြားလိုက်သည်။

ပီအက်စ်ဂျီ ကြယ်ပွင့် ကစားသမားသည် အာဂျင်တီးနားက ပါရာဂွေးကို ၆-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ကိုပါအမေရိက အကြိုဗိုလ်လုပွဲတွင် အသင်းအတွက် ဒုတိယဂိုး သွင်းယူခဲ့သလို တတိယဂိုးကိုလည်း ဖန်တီးပေးခဲ့သူ ဖြစ်သည်။

အသက် ၂၆ နှစ်အရွယ် ကစားသမားသည် နောက်ပိုင်းတွင် နိုင်ငံအသင်း၌ ပုံမှန်ပွဲထွက်ခွင့် ရရှိခဲ့သူဖြစ်သလို ပါရာဂွေးနှင့်ပွဲမှ ခြေစွမ်းကြောင့်လည်း အသင်းနည်းပြ ဂျရတ်ဒို မာတီနို၏ ချီးကျူးမှုကို ခံခဲ့ရသူ ဖြစ်သည်။ ထို့နောက် ပတ်စ်တိုရီက မိမိ၏ အဓိကတာဝန်မှာ အသင်း၏ ကွင်းလယ်ဖန်တီးရှင် တစ်ဦးအဖြစ် ကစားရခြင်း ဖြစ်ကြောင်း ဆိုခဲ့သည်။

“ကျွန်တော်က လီယိုနဲ့ ဒီမာရီတို့ လွယ်လွယ်ကူကူ ကစားနိုင်အောင် ပြုလုပ်ပေးရတာပါ။ ကျွန်တော်အနှစ်သက်ဆုံးကတော့ ဂိုးဖန်တီးမှုတွေ ပြုလုပ်ပေးရတာပါပဲ။ ကျွန်တော်ပေးလိုက်တဲ့ ဘောလုံးက ဂိုးအနေနဲ့ အဆုံးသတ်သွားတဲ့အခါ ကျွန်တော် အရမ်းကို ပျော်ရွှင်ရပါတယ်။ မက်ဆီက ဘောလုံးကို ဘယ်လိုပဲပေးပေး အကောင်းဆုံး ထိန်းကျောင်းရယူနိုင်သူပါ။ သူက အနိမ့်ဘောပေးတာကို အရမ်းနှစ်သက်သူပါ။ ဒါကြောင့် သူက အချိတ်အဆက်မိမိ ကစားနိုင်တာပေါ့” ဟု ပတ်စ်တိုရီက ပြောကြားခဲ့သည်။

အာဂျင်တီးနားသည် စနေနေ့တွင် ကိုပါအမေရိက ဗိုလ်လုပွဲစဉ်အဖြစ် အိမ်ရှင်ချီလီအသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး အသင်းအနေဖြင့် ၂၂ နှစ်အကြာ အဓိက ဆုဖလားနှင့် ကင်းဝေးနေမှုကို အဆုံးသတ်နိုင်ရန် မျှော်မှန်းထားကြောင်း၊ သို့သော်လည်း ဗိုလ်လုပွဲအတွက် စိတ်လှုပ်ရှားခြင်း မရှိကြောင်း ပတ်စ်တိုရီက ဆိုခဲ့သည်။

“ကျွန်တော် အရင်လိုပဲ ပုံမှန်အိပ်ပျော်ပါတယ်။ ဒီပွဲက ဗိုလ်လုပွဲဆိုပေမယ့် အရင်ပွဲတွေလိုပဲ ကစားသွားရမှာပါ။ ဒီမျိုးဆက်မှာ ဘာအောင်မြင်မှုမှာ မရယူနိုင်ခဲ့ဘူးဆိုရင် ရှက်စရာကောင်းပါတယ်။ ကမ္ဘာ့ဖလား အောင်မြင်မှု မရခဲ့တဲ့အပေါ်မှာလည်း စိတ်ပျက်မိပါတယ်။ ဒါကြောင့် ဒီဆုဖလားကို ကိုင်မြှောက်နိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟု ပီအက်စ်ဂျီ ကစားသမားက ပြောကြားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment