Pages

Subscribe:

Saturday, July 4, 2015

ရီးယဲလ်သို့ ဒီဂီယာ ပြောင်းရွှေ့ပါက အက်သလက်တီကိုပရိသတ်များ ခွင့်လွှတ်မည် မဟုတ်ဟု အသင်းဖော်ဟောင်းဆို



ရီးယဲလ်သို့ ဒီဂီယာ ပြောင်းရွှေ့ပါက အက်သလက်တီကိုပရိသတ်များ ခွင့်လွှတ်မည် မဟုတ်ဟု အသင်းဖော်ဟောင်းဆို

အကယ်၍သာ ရီးယဲလ်မက်ဒရစ်သို့ ဒေးဗစ်ဒီဂီယာ ပြောင်းရွှေ့ခဲ့ပါက ၎င်း၏ အသင်းဟောင်း အက်သလက်တီကို မက်ဒရစ် ပရိသတ်များက လုံးဝ ခွင့်လွှတ်ကြလိမ့်မည် မဟုတ်ကြောင်း အသင်းဖော်ဟောင်း တိုမက်စ် အူဖလူဆီက ပြောကြားလိုက်သည်။

ရီးယဲလ်သည် စပိန်လက်ရွေးစင် ဂိုးသမား ဒီဂီယာကို ယူနိုက်တက်ထံမှ ကမ်းလှမ်းခေါ်ယူရန် ဆန္ဒရှိနေသော်လည်း အင်္ဂလန် ကလပ်က ပေါင်စတာလင် (၃၅)သန်း ဈေးနှုန်း သတ်မှတ်ထားသဖြင့် ရှေ့တိုးရန် ခက်နေသည်။ ယူနိုက်တက်သည် (၂၀၁၁)ခုနှစ်တွင် အက်သလက်တီကိုထံမှ ဒီဂီယာကို ဝယ်ယူထားခြင်းဖြစ်ပြီး အကယ်၍ ဒီဂီယာသာ အက်သလက်တီကို၏ ခါးသီးမြို့ခံပြိုင်ဘက် ရီးယဲလ်ထံ ပြောင်းရွှေ့ပါက ၎င်း၏ ငယ်ဘဝ အသင်းဟောင်း ပရိသတ်များက လုံးဝ ခွင့်လွှတ်မည် မဟုတ်ဟု ဘောလုံးလောကမှ အနားယူသွားပြီဖြစ်သည့် ချက်လက်ရွေးစင် ခံစစ်မှူးဟောင်း အူဖလူဆီက မှတ်ချက်ပြုခဲ့သည်။

အူဖလူဆီသည် ယခုအခါ အသက်(၂၄)နှစ် ရှိနေပြီဖြစ်သည့် ဒီဂီယာနှင့်အတူ အက်သလက်တီကိုတွင် တွဲဖက် ကစားခဲ့ဖူးသည်။ အူဖလူဆီက “တကယ်လို့သာ ရီးယဲလ်ကို သူပြောင်းဖြစ်ရင် အက်သလက်တီကို ပရိသတ်က ဘယ်လိုနည်းနဲ့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး။ သေချာတယ်။ သူ့အနေနဲ့ ဆုံးဖြတ်ချက်ကို လွယ်လွယ်ချနိုင်မှာတော့ မဟုတ်ဘူး။ ဒါကိုလည်း ကျွန်တော် မအံ့ဩဘူး။ သူက အက်သလက်တီကိုရဲ့ အမာခံ ပရိသတ် တစ်ယောက်ပဲလေ။ သူ့ငယ်ဘဝကတည်းက သူ့နှလုံးသားဟာ အက်သလက်တီကိုနဲ့ ထပ်တူ ရှိခဲ့တာပါ”ဟုလည်း ဆိုသည်။

ချက်လက်ရွေးစင် အသင်းအတွက် (၇၈)ပွဲ ကစားကာ ဂိုးသမား ပီတာဆက်ခ်ျနှင့် လက်တွဲညီခဲ့သလို ဒီဂီယာ ထွက်ခွာသွားပြီးနောက် အက်သလက်တီကိုသို့ ချယ်လ်ဆီးမှ အငှားရောက်ရှိလာသည့် သီဘောက် ကော်တွိုက်စ်နှင့်လည်း တွဲကစားဖူးခဲ့သည့် အူဖလူဆီက အဆိုပါ ဂိုးသမား နှစ်ဦးစလုံးထက် ဒီဂီယာက ပိုသာကြောင်းလည်း သုံးသပ်ခဲ့သည်။ “ကျွန်တော်ကတော့ ဆက်ခ်ျနဲ့ ကော်တွိုက်စ်တို့ထက် ဒီဂီယာက ပိုသာတယ်လို့ ပြောရပါမယ်။ ကျွန်တော် သူနဲ့ (၂)နှစ်ကျော်လောက် အတူတွဲ အလုပ်လုပ်ခဲ့ဖူးတယ်။ သူဂိုးဖမ်းပုံက သိပ်ကောင်းတယ်။ ဆက်ခ်ျက တော်ပေမယ့် သူဟာ အခုဆိုရင် ဒီဂီယာ၊ ကော်တွိုက်စ်တို့ထက် (၁၀)နှစ်လောက် အသက်ပိုကြီးသွားပြီလေ။ ဒီဂီယာ အနေနဲ့ ယူနိုက်တက်မှာ ကစားသမားဘဝ အစပြုတဲ့အခါ အခက်အခဲတွေ ရှိခဲ့ပေမယ့် အဲဒီကတည်းက သူ့ရဲ့အကောင်းဆုံးပုံစံ ပြန်ရလာမယ်ဆိုတာ ကျွန်တော် ယုံနေပြီးသားပါ”ဟုလည်း အူဖလူဆီက ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment