Pages

Subscribe:

Saturday, July 4, 2015

ယူနိုက်တက် တစ်ကျော့ပြန် အောင်မြင်လာအောင် ဗန်ဂါးလ် စွမ်းဆောင်ပြနိုင်မည်ဟု ရိုဟိုထောက်ခံ



ယူနိုက်တက် တစ်ကျော့ပြန် အောင်မြင်လာအောင် ဗန်ဂါးလ် စွမ်းဆောင်ပြနိုင်မည်ဟု ရိုဟိုထောက်ခံ

မန်ချက်စတာ ယူနိုက်တက်ကို ဆုဖလားများ ပြန်လည်ဆွတ်ခူး ရယူလာနိုင်အောင် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က ဦးဆောင်ပေးနိုင်လိမ့်မည်ဟု နောက်ခံလူ မားကို့စ်ရိုဟိုက ထောက်ခံ ပြောကြားလိုက်သည်။

အာဂျင်တီးနား လက်ရွေးစင် ရိုဟိုက လာမည့်ရာသီတွင် (၂၀၁၂-၁၃) ဘောလုံးရာသီနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် အသင်းအနေဖြင့် ဆုဖလားများ ရယူလာနိုင်ရန် မျှော်လင့်လျက် ရှိသည်။ ဆာအဲလက်စ် ဖာဂူဆန် အနားယူသွားသည့်နောက်ပိုင်း ယူနိုက်တက်ကို ဒေးဗစ်မိုယက်စ် ကိုင်တွယ်သော်လည်း ရလဒ်များ ဆိုးရွားစွာ ကျဆင်းခဲ့သည့်အတွက် နယ်သာလန်သား မန်နေဂျာ ဗန်ဂါးလ်က အစားထိုး တာဝန်ယူလာခြင်း ဖြစ်သည်။ ဗန်ဂါးလ်၏ ပထမဆုံး အိုးလ်ထရက်ဖို့ဒ် ရာသီတွင် ရိုဟိုအပါအဝင် ကစားသမားသည် (၆)ဦးကို ခေါ်ယူခဲ့ပြီး ချန်ပီယံလိဂ် တစ်ကျော့ပြန်ဝင်ခွင့် ရရှိလာခဲ့သည်။ သို့သော်လည်း ဗန်ဂါးလ်၏ ဒုတိယ ရာသီတွင်မူ ဆုဖလားများ ဆွတ်ခူးနိုင်သည်အထိ ဆက်လက် တိုးတက်လာမည်ဟု ရိုဟိုက ယုံကြည်နေသည်။

ရိုဟိုက “ဗန်ဂါးလ်ဟာ ယူနိုက်တက်မှာ အောင်မြင်ပါလိမ့်မယ်။ သူက ဆုဖလားတွေ ရယူနိုင်မှာပါ။ ကျွန်တော့် အမြင်မှာတော့ ဒီကိစ္စဟာ ဘယ်တုန်းကမှ မေးခွန်းပြန်ထုတ်နေစရာ မလိုခဲ့ပါဘူး။ သူကြပ်မတ်တဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ သူဘာကြောင့် အောင်မြင်သူ ဖြစ်နေသလဲ ဆိုတာကို ပြသနေပါတယ်။ ဗန်ဂါးလ်က အရမ်း တောင်းဆိုမှု မြင့်မားသူပါ။ သူဟာ အသင်းရဲ့ တိုးတက်မှုကို အာရုံစိုက်ရုံတင် မကဘဲ ကစားသမား တစ်ဦးချင်းစီရဲ့ တိုးတက် ဖြစ်ထွန်းမှုကိုပါ စိတ်ဝင်စားသူပါ။ သူက လူတိုင်းကို ပိုကောင်းတဲ့ ကစားသမား ဖြစ်လာအောင် သွန်သင်လေ့ ရှိပါတယ်”ဟု ဆိုသည်။

၎င်းက “တောင်းဆိုမှု အရမ်းမြင့်မားနေတယ် ဆိုတာဟာ တကယ့် အောင်နိုင်သူ တစ်ယောက်ရဲ့ သင်္ကေတပါပဲ။ ရေတို ကာလအတွင်းမှာတင် ယူနိုက်တက်ဟာ ဆုဖလားတွေ ပြန်လည် ရယူလာနိုင်ပါလိမ့်မယ်။ တစ်ဖက်မှာ အလုပ်သဘော မဟုတ်တဲ့ အချိန်တွေဆို သူက ပျော်ပျော်နေတတ်သူ တစ်ယောက်ပါ။ ဟာသတွေ အမြဲတမ်း ပြောနေတယ်။ ဒါပေမဲ့ အသင်း အောင်မြင်ရေးအတွက်ဆို အလုပ်ကို အလုပ်လို သဘောထားရပါမယ်။ ဒါကြောင့်လည်း သူဟာ ကစားသမားတွေဆီက လေးစားမှုကို ခံယူခွင့် ရနေတာပေါ့”ဟုလည်း မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment