Pages

Subscribe:

Wednesday, July 8, 2015

ဒါမီယန်အတွက် ဈေးနှုန်း ယူနိုက်တက် သဘောတူညီမှု ရရှိထားပြီဟု အီတလီ SKY SPORTS ဖော်ပြ



ဒါမီယန်အတွက် ဈေးနှုန်း ယူနိုက်တက် သဘောတူညီမှု ရရှိထားပြီဟု အီတလီ SKY SPORTS ဖော်ပြ

မန်ချက်စတာ ယူနိုက်တက် အသင်းသည် တိုရီနို နောက်ခံလူ မက်တီယို ဒါမီယန်အတွက် ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိသွားပြီဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

အီတလီ Sky Sportsက ယူနိုက်တက်သည် အသက်(၂၅)နှစ်အရွယ် ညာနောက်ခံလူအတွက် တိုရီနိုက တောင်းဆိုသည့်အတိုင်း ပေါင်စတာလင် (၁၂.၇)သန်း ပေးချေသွားရန် ဆုံးဖြတ်လိုက်ပြီဟု ဖော်ပြခဲ့သည်။ စွယ်စုံရ ခံစစ်သမား တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည့် ဒါမီယန်သည် တောင်ပံ နှစ်ဖက်စလုံးတွင် ကစားနိုင်သလို အရပ်(၆)ပေ မြင့်မားပြီး အမြင့်ဘောများ ရှင်းထုတ်ရာတွင် ကျွမ်းကျင်သဖြင့် ဗဟိုနောက်ခံလူ အနေဖြင့်လည်း အသုံးဝင်သည်။ ၎င်း၏ အကောင်းဆုံး နေရာမှာမူ ညာခြမ်းခံစစ်ဖြစ်သည်။

ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်သည် ပြီးခဲ့သည့် ရာသီက အသင်းခံစစ်ကြောင်းသည် တည်ကန်ဘောများကို ရှင်းထုတ်ရာ၌ အားနည်းချက်များ ရှိနေသည်ကို ကောင်းစွာ သတိပြုမိခဲ့ပြီး အမြင့်ဘော အားသန်သည့် ခံစစ်သမားများကို ရှာဖွေလျက် ရှိသည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလက အိုးလ်ထရက်ဖို့ဒ်တွင် ချယ်လ်ဆီးကို တစ်ဂိုးစီ သရေကျရာ၌ ဒီဒီရာ ဒရော့ဂ်ဘာကို အရပ် (၅)ပေ၊ (၇)လက်မသာရှိသည့် ရာဖေးလ် ဒါဆေးလ်ဗားက လူကပ်ထားရသဖြင့် အိုင်ဗရီကို့စ် တိုက်စစ်မှူးက လေထဲတွင် လွယ်လွယ်ကူကူ အသာစီးယူကာ ခေါင်းတိုက် ဂိုးသွင်းသွားသည့် အခြေအနေမျိုးကို ဗန်ဂါးလ်က စိတ်ပျက်နေသည်။

ပြီးခဲ့သည့် နှစ်အတွင်း ယင်းကဏ္ဍနှင့် ပတ်သက်၍ ဗန်ဂါးလ်က “တည်ကန်ဘောတွေကို ထိန်းချုပ်ရာမှာ ကျွန်တော့်အသင်းက အရမ်း အခက်ကြုံနေရတယ်။ ဒါကလည်း အသင်းရဲ့ ပျမ်းမျှ အရပ်အမြင့်ကြောင့်ပါပဲ။ ဒီတော့ ခင်ဗျားတို့ အနေနဲ့လည်း ကျွန်တော်က အရပ်မြင့်မြင့် ကစားသမားတွေ ရှာဝယ်သင့်တယ်လို့ အကြံပေးကောင်း ပေးချင်ကြလိမ့်မယ်”ဟု ပြောကြားခဲ့သည်။ ဒါမီယန်နှင့် ယူနိုက်တက် နီးစပ်မှု ရရှိလာခြင်းကြောင့် ဘရာဇီးလ် နောက်ခံလူ ရာဖေးလ် အနေဖြင့် အသင်းကို စွန့်ခွာရရန် ပိုမိုနီးစပ်လာသည်။ ဗန်ဂါးလ်သည် ညာခြမ်းခံစစ်တွင် ကွင်းလယ် တောင်ပံလူ အန်တိုနီယို ဗလန်စီယာကို အထိုင်ချ အသုံးပြုမှု အောင်မြင်ခဲ့ပြီးနောက် အီတလီ လက်ရွေးစင်အတွက် (၁၄)ပွဲ ကစားဖူးသူ ဒါမီယန်နှင့် ပူးပေါင်းကာ အဆိုပါ နေရာကို အားဖြည့်ရန် ဆန္ဒရှိနေသည်။ ပြီးခဲ့သည့် တစ်ရာသီလုံး ယူနိုက်တက်အတွက် (၁၁)ပွဲသာ ကစားရပြီး ဒဏ်ရာများဖြင့် ရုန်းကန်ခဲ့ရသည့် ရာဖေးလ်အတွက် ကမ်းလှမ်းချဉ်းကပ်လာမည့် အသင်းများကိုလည်း ယူနိုက်တက်က စောင့်မျှော်လျက် ရှိသည်။

ဗန်ဂါးလ်သည် ညာခြမ်းခံစစ်သမားတစ်ဦး ဝယ်ယူရန် ကနဦးကတည်းက အစီအစဉ် ရှိခဲ့ပြီး ဒန်နီအဲလ်ဗက်စ်ကို ဦးစားပေး ပစ်မှတ် ထားခဲ့သော်လည်း ကစားသမားက ဘာစီလိုနာနှင့်သာ စာချုပ်သက်တမ်း တိုးမြှင့်သွားခဲ့သည်။ ထို့နောက် အဲဗာတန်မှ ဆီမက်စ်ကိုးလ်မန်းကိုလည်း ချိန်ရွယ်ခဲ့သေးပြီး အဆုံးသတ်တွင်မူ ဒါမီယန်ကိုသာ အရှိန်မြှင့် ချဉ်းကပ်ခဲ့ခြင်းဟု သိရှိရသည်။

Soccer Myanmar
Khant Gyi

0 comments:

Post a Comment