Pages

Subscribe:

Saturday, January 24, 2015

လူးကက်စ်ဆေးလ်ဗားကို ရီးယဲလ် ခေါ်ယူနိုင်ခဲ့ပြီးဖြစ်ဟု ခရူဇီယို ဒုတိယဥက္ကဋ္ဌ ပြောကြား



ရီးယဲလ်မက်ဒရစ်သို့ လူးကက်စ်ဆေးလ်ဗား ပြောင်းရွှေ့မည့် ကိစ္စသည် အပြီးသတ် ဆောင်ရွက်ပြီး ဖြစ်နေကြောင်း ခရူဇီယို အသင်း၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူက ထုတ်ဖော် ပြောကြားလိုက်သည်။

ဒုတိယ ဥက္ကဋ္ဌ မာစီယို ရိုဒရီဂတ်စ်က မိမိတို့ အသင်း၏ လူငယ်ခြေတက် ကစားသမားလေး ကိုယ်တိုင်က ဥရောပ ချန်ပီယံ စပိန်ကလပ်အသင်း၏ ကမ်းလှမ်းမှုကို လက်ခံထားပြီဖြစ်ကြောင်း ဆိုသည်။ ၎င်းက ရီးယဲလ်သည် လူးကက်စ်ကို ခေါ်ယူကြောင်း သတင်းကို မကြာမီ တရားဝင် ကြေညာနိုင်ဖွယ် ရှိကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။ အသက်(၂၁)နှစ်ရှိ ဘရာဇီးလ် လူငယ် ကွင်းလယ်ကစားသမား လူးကက်စ်ကို ရီးယဲလ်နည်းပြ ကာလို အန်ဆလော့တီက ကာလရှည်ကြာ ချိတ်ဆက်နေပြီး ၎င်းရောက်ရှိလာပါက ရီးယဲလ် ကွင်းလယ်လူ အေဆာ အီလာရာမန်ဒီသည် ဘာနေဗျူးမှ ထွက်ခွာဖြစ်ဖွယ် ရှိနေသည်။

ရိုဒရီဂတ်စ်က “လူးကက်စ်ရဲ့ အပြောင်းအရွှေ့က တရားဝင် ပြီးပြတ်နေပါပြီ။ အတည်ပြု ကြေညာချက် တစ်ရပ်ကို ရက်ပိုင်းအတွင်း ထုတ်ပြန်ပါလိမ့်မယ်။ ကစားသမား ကိုယ်တိုင်က အသင်းက ထွက်ခွာဖို့ ဆုံးဖြတ်ထားပါပြီ။ သူ့နေရာ အစားထိုးဖို့တော့ ကျွန်တော်တို့အတွက် ဘာပြဿနာမှ မရှိပါဘူး။ ပထမအသင်းမှာ ဝင်ကစားနိုင်မယ့် အရန်အသင်း ကစားသမားတွေ ကျွန်တော်တို့မှာ ရှိနှင့်ပြီးသားပါ”ဟု ပြောကြားခဲ့သည်။

လူးကက်စ်ကို ရီးယဲလ် ခေါ်ယူမည့် သတင်းများကြောင့် ဘာနေဗျူး အနာဂတ် မတည်မငြိမ် ဖြစ်လာသည့် အီလာရာမန်ဒီကမူ မိမိသည် ရီးယဲလ်တွင်ပင် ဆက်ကစားလိုကြောင်း ဖွင့်ဟခဲ့သည်။ အသက်(၂၄)နှစ်ရှိ စပိန်ကစားသမားက “ဒီနေ့ထိတော့ အသင်းက ကျွန်တော်ထွက်ခွာဖို့ ပြောဆိုလာတာ ဘာမှမရှိပါဘူး။ ရီးယဲလ်မှာပဲ ကျွန်တော် ဆက်နေချင်ပါတယ်။ ကျွန်တော် ဒီကလပ်မှာ၊ ဒီမြို့မှာ ဆက်နေချင်ပါတယ်။ အခုလောလောဆယ်တော့ စနေနေ့မှာ ကစားမယ့် ပွဲအတွက်ပဲ ကျွန်တော် အာရုံစိုက်ထားချင်ပါတယ်”ဟု ပြောဆိုသွားသည်။

Soccer Myanmar



0 comments:

Post a Comment