Pages

Subscribe:

Thursday, January 22, 2015

ကမ္ဘာ့အချမ်းသာဆုံး ကလပ် အသင်းများ စာရင်းတွင် ယူနိုက်တက် ဒုတိယနေရာ ပြန်ရောက်လာ




အသစ် ထုတ်ပြန်သည့် ဘဏ္ဍာရေး စစ်တမ်းများ အရ မန်ချက်စတာ ယူနိုက်တက် အသင်းသည် ရီးယဲလ်မက်ဒရစ်နောက်တွင် ကမ္ဘာ့ဒုတိယ အချမ်းသာဆုံး ကလပ်အဖြစ် ပြန်လည် ရပ်တည်လာနိုင်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိ ဥရောပချန်ပီယံ စပိန်ထိပ်သီး ကလပ်အသင်းကြီးက Deloitte၏ ဘောလုံးကလပ်များ ဓနအင်အား စစ်တမ်းတွင် ထိပ်ဆုံးမှ ဆက်လက် ဦးဆောင်နေပြီး ယူနိုက်တက်ကမူ ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ်တို့ကို ဖြတ်ကျော်ကာ ဒုတိယ နေရာသို့ ရောက်ရှိလာခဲ့သည်။ ပြီးခဲ့သည့် ရာသီက ဆိုးရွားသော ဖြတ်သန်းမှုများ ကြုံတွေ့ခဲ့ရပြီး ချန်ပီယံလိဂ် ဝင်ခွင့်ပါ လက်လွှတ် ဆုံးရှုံးလိုက်ရသည့်တိုင် ယူနိုက်တက်သည် ငွေရေးကြေးရေး ကဏ္ဍတွင် ယိမ်းယိုင်ပြိုလဲ မသွားအောင် ထိန်းသိမ်းထားနိုင်ကြောင်း ယခုစစ်တမ်းက သက်သေခံနေသည်။

(၂၀၁၅)ခုနှစ်အတွက် လက်ရှိ ဓနအင်အား အတောင့်တင်းဆုံး ဘောလုံးကလပ် (၂၀)စာရင်းကို Deloitteက ထုတ်ပြန်ရာ ရီးယဲလ်က ပေါင်စတာလင် (၄၅၉.၅)သန်းဖြင့် ဦးဆောင် ရပ်တည်လျက် ရှိသည်။ ထို့နောက်တွင်မူ ယူနိုက်တက်က ယမန်နှစ်ကထက် နှစ်ဆင့်ခုန်တက်ပြီး ပေါင်စတာလင် (၄၃၃.၂)သန်းဖြင့် ဒုတိယ နေရာတွင် ရှိနေသည်။ “မနှစ်က ကွင်းတွင်း စွမ်းဆောင်ရည် ဆိုးရွားမှုတွေ ရှိခဲ့ပေမယ့် ယူနိုက်တက်ရဲ့ ဘဏ္ဍာရေး မဟာဗျူဟာတွေက အရမ်းကောင်းမွန်ခဲ့ပြီး ဒေသတွင်းနဲ့ နိုင်ငံတကာ စီးပွားရေး လက်တွဲဖော်သစ်တွေကို စည်းရုံး သိမ်းသွင်းနိုင်ခဲ့တယ်။ ဒါကြောင့်လည်း သူတို့ရဲ့ ဘဏ္ဍာရေး အင်အားက ပိုပြီး တောင့်တင်းလာပါတယ်”ဟု Deloitte၏ အကြီးတန်း မန်နေဂျာ အော်စတင် ဟူလီဟန်က ပြောကြားခဲ့သည်။

၎င်းက “ယူနိုက်တက်ဟာ ဒီရာသီ ဥရောပပွဲတွေ ကစားခွင့် မရခဲ့ဘူး။ ဒီအချက်ကတော့ နောက်ရာသီ ဘဏ္ဍာရေး ကိန်းဂဏန်းတွေ တွက်ချက်ရာမှာ သက်ရောက်မှု ရှိနိုင်တယ်။ ဒါပေမဲ့ (၂၀၁၅-၁၆) ရာသီမှာသာ ချန်ပီယံလိဂ် ဝင်ခွင့်ရရင်တော့ (၂)နှစ်အတွင်း အချမ်းသာဆုံး ကလပ်အဖြစ် ပြန်ရပ်တည်လာနိုင်တယ်”ဟုလည်း မှတ်ချက်ပြုခဲ့သည်။ အခြား အင်္ဂလန် ကလပ်များဖြစ်သည့် မန်ချက်စတာစီးတီး၊ ချယ်လ်ဆီး၊ အာဆင်နယ်နှင့် လီဗာပူးလ်တို့သည် Deloitte၏ အချမ်းသာဆုံး ထိပ်တန်းကလပ် (၁၀)သင်း စာရင်းတွင် အသီးသီး ပါဝင် ရပ်တည်ခဲ့ကြသည်။

ရီးယဲလ်နှင့် ယူနိုက်တက်တို့ နောက်တွင် ဘိုင်ယန်မြူးနစ်က ပေါင်စတာလင် (၄၀၇.၇)သန်း၊ ဘာစီလိုနာက ပေါင်စတာလင် (၄၀၅.၂)သန်း၊ PSGက ပေါင်စတာလင် (၃၉၆.၅)သန်း၊ မန်စီးတီးက ပေါင်စတာလင် (၃၄၆.၅)သန်း၊ ချယ်လ်ဆီးက ပေါင်စတာလင် (၃၂၄.၄)သန်း၊ အာဆင်နယ်က ပေါင်စတာလင် (၃၀၀.၅)သန်း၊ လီဗာပူးလ်က ပေါင်စတာလင် (၂၅၅.၈)သန်းတို့ဖြင့် အစဉ်လိုက် ရပ်တည်လျက်ရှိသည်။

Soccer Myanmar

0 comments:

Post a Comment