Pages

Subscribe:

Thursday, January 29, 2015

အဒီဘာယောကို အငှားခေါ်ယူရန် PSG စိတ်ဝင်စားနေဟု သတင်းများ ထွက်ပေါ်



PSG အသင်းသည် တော့တင်ဟမ် ဟော့စပါး တိုက်စစ်မှူး အီမန်နျူရယ်လ် အဒီဘာယောကို ရာသီကုန်ထိ အငှားခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရှိရသည်။
Sky Sports သတင်းဌာနက ပြင်သစ်ချန်ပီယံ အသင်းအနေဖြင့် တိုဂို လက်ရွေးစင် အဒီဘာယော၏ အနေအထားကို အလေး အနက် စောင့်ကြည့်နေကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် ကလပ်အသင်း နှစ်ခုကြား ကနဦးအဆင့် ဆွေးနွေးမှု အချို့ ပြုလုပ်ခဲ့ပြီးပြီဟု ယုံကြည်ရပြီး PSG အနေဖြင့် အင်္ဂလန်ကလပ် QPR၏ အားပြိုင်မှုနှင့်လည်း ကြုံရဖွယ် ရှိနေကြောင်း Sky Sportsက ဆိုသည်။ အဒီဘာယောသည် စပါးတိုက်စစ်တွင် လူငယ်ကြယ်ပွင့် ဟယ်ရီကိန်း၏ တောက်ပလာမှုကြောင့် နေရာပျောက်နေသူ ဖြစ်သည်။
အဒီဘာယောသည် စပါးတွင် (၁၁၁)ပွဲ ကစားပြီး (၄၂)ဂိုး သွင်းယူထားသူ ဖြစ်သည်။ ၎င်းသည် ယခုရာသီ အသင်းအတွက် စုစုပေါင်း (၁၁)ပွဲသာ ပွဲထွက်ကစားခွင့် ရခဲ့ပြီး (၂)ဂိုးသာ ရရှိထားသည်။ စပါး၏ မန်နေဂျာသစ် မော်ရို ပိုချက်တီနိုသည် အဒီဘာယောအပေါ် ယုံကြည်မှု အပြည့်အဝ မရှိလှခြင်းကလည်း ကစားသမား အနေဖြင့် ဝှိုက်ဟတ်လိန်းတွင် မတည်မငြိမ် ဖြစ်လာစေသည်။ ၎င်းသည် ရှက်ဖီးလ်ယူနိုက်တက်နှင့် ကစားသည့် Capital One အကြိုဗိုလ်လုပွဲ ပထမအကျော့တွင် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သော်လည်း ခြေစွမ်းမပြနိုင်သဖြင့် ပရိသတ်များ၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရသလို ပွဲချိန် မိနစ်(၆၀)တွင် ရောဘတ်တို ဆိုလ်ဒါဒိုနှင့် လူစားလဲ ခံခဲ့ရသည်။

Soccer Myanmar

0 comments:

Post a Comment