Pages

Subscribe:

Monday, January 26, 2015

ရီးယဲလ်နှင့် ဘိုင်ယန်တို့ကြား ကွာဟချက် ကြီးကြီးမားမား မရှိဟု ခရူးစ် မှတ်ချက်ပြု



ရီးယဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ် အသင်းများကြားတွင် ကြီးကြီးမားမား ကွာဟမှု ရှိသည်ဟု မထင်ကြောင်း ကွင်းလယ်လူ တိုနီခရူးစ်က မှတ်ချက်ပြု ပြောကြားခဲ့သည်။

ဂျာမန်လက်ရွေးစင် ခရူးစ်က ရီးယဲလ်တွင် ခရစ္စတီယာနို ရော်နယ်လ်ဒိုကဲ့သို့ ကမ္ဘာ့ထိပ်တန်း ကြယ်ပွင့်များနှင့် တွဲဖက် ကစားရခြင်းကို ပျော်ရွှင်မိသော်လည်း မိမိ၏ အသင်းဟောင်း ဘိုင်ယန်သည် ရီးယဲလ်နှင့် အဆင့်တူပင် ရပ်တည်နိုင်ဟု သုံးသပ်ခဲ့သည်။ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ဂျာမနီအသင်းနှင့်အတူ ချန်ပီယံဆု ဆွတ်ခူးခဲ့သည့် ခရူးစ်သည် ပြီးခဲ့သည့် နွေရာသီ ဈေးကွက်အတွင်း ဘိုင်ယန်မှ ရီးယဲလ်သို့ ကူးပြောင်းလာခဲ့သည်။ ယမန်နှစ်က ချန်ပီယံလိဂ်တွင် ရီးယဲလ်သည် ဘိုင်ယန်ကို နှစ်ကျော့ပေါင်း (၅-၀)ဖြင့် အပြတ်အသတ် ချေမှုန်းခဲ့သော်လည်း ထိုနှစ်သင်းကြား အဆင့်အတန်း ကွာဟချက် အလွန်မကျယ်ပြန့်ဟု ခရူးစ်က ဆိုသည်။

ခရူးစ်က “ရော်နယ်လ်ဒိုလို ကြယ်ပွင့် ကစားသမားတွေနဲ့ အတူတွဲ ကစားရတာ သိပ်ကောင်းတာပေါ့။ ဒါပေမဲ့ ဘိုင်ယန်မှာ ဆိုရင်လည်း အဝတ်လဲခန်းထဲမှာ ကမ္ဘာ့အဆင့် ကစားသမားတွေ ပြည့်နေတာပါပဲ။ အားကစား ကဏ္ဍမှာ နှိုင်းယှဉ်မယ်ဆိုရင် ဒီနှစ်သင်းကြား သိပ်ပြီး အဆင့်မကွာပါဘူး။ နှစ်သင်းစလုံးက ထိပ်တန်း အဆင့်မှာ ရှိကြပါတယ်။ ကျွန်တော်ဟာ အသင်းကောင်း တစ်ခုနေ နောက်တစ်ခုကို ကူးလာတာ ဖြစ်ပါတယ်။ ဒီရာသီအစ ဖြတ်သန်းမှုက သိပ်ကောင်းပါတယ်။ ဒါပေမဲ့ ရာသီသိမ်းချိန်မှာ အောင်မြင်မှုတွေ ရနေဖို့ပါ ကျွန်တော် မျှော်လင့်ထားပါတယ်”ဟု ပြောကြားခဲ့သည်။

၎င်းက “ရီးယဲလ်မှာ ကျွန်တော် အရမ်း အခြေကျ ပျော်ရွှင်နေပါပြီ။ တဖြည်းဖြည်းလည်း အသင်းနဲ့ ပိုပြီး အံဝင်လာနေတယ်။ ဂျာမနီမှာနဲ့ယှဉ်ရင် ဒီနိုင်ငံက အတွေးအခေါ်၊ အမူအကျင့်တွေက အများကြီး ခြားနားပါတယ်။ ဒါပေမဲ့ အားလုံးနဲ့ ကျွန်တော် အဆင်ပြေနေတာ ပျော်စရာပါ။ ရီးယဲလ်နဲ့ စာချုပ်ဖြစ်ခဲ့တဲ့ အတွက် ကျွန်တော် အရမ်း ကျေနပ် အားရ ဖြစ်မိပါတယ်”ဟုလည်း ဖွင့်ဟသွားသည်။

Soccer Myanmar

0 comments:

Post a Comment