Pages

Subscribe:

Monday, January 26, 2015

မစ်ဒယ်ဘရော့ကို ရှုံးနိမ့်ခြင်းအတွက် အဘူဒါဘီ ခရီးစဉ်အပေါ် အပြစ်တင်ရန် မန်စီးတီး မန်နေဂျာ ငြင်းဆို



မစ်ဒယ်ဘရော့ကို ၂-၀ ဂိုးဖြင့် အံ့အားသင့်ဖွယ် ရှုံးနိမ့်ကာ အက်ဖ်အေဖလားမှ ထွက်ခွာခဲ့ရခြင်းအတွက် မန်ချက်စတာစီးတီး၏ အဘူဒါဘီ ခရီးစဉ်အပေါ် အပြစ်တင်ရန် မန်နျူရယ် ပယ်လီဂရီနီက ငြင်းဆိုလိုက်သည်။

အီတီဟတ်တွင် ကစားခဲ့သည့် အဆိုပါ ပွဲစဉ်တွင် ပက်ထရစ်ဘမ်းဖို့ဒ်နှင့် ကစ်ကီတို့၏ ဒုတိယပိုင်း သွင်းဂိုးများကြောင့် ချန်ပီယံရှစ်အသင်းက ပရီးမီးယားလိဂ် ချန်ပီယံအသင်းကို အနိုင်ရယူကာ အက်ဖ်အေဖလား ပဉ္စမအဆင့်သို့ တက်ရောက်သွားခဲ့သည်။

ထို့နောက် မန်စီးတီး၏ စွမ်းဆောင်ရည် ဆိုးရွားခြင်းအတွက် ပွဲမတိုင်မီ တစ်ရက်အလိုမှ ပြန်လည်ရောက်ရှိလာသည့် အဘူဒါဘီ ခရီးစဉ်နှင့် မသက်ဆိုင်ကြောင်း ပယ်လီဂရီနီက ဆိုခဲ့သည်။

“အခုလို စိတ်ပျက်ဖွယ် ခြေစွမ်းနဲ့ ရှုံးနိမ့်ခဲ့တာက အဘူဒါဘီ ခရီးစဉ်ကြောင့်ဆိုတဲ့အပေါ် ကျွန်တော် လက်မခံပါဘူး။ ခင်ဗျားတို့က ဒီလိုမြင်ပေမယ့် ကျွန်တော့်ရဲ့အမြင်က အဲ့ဒီလို မဟုတ်ပါဘူး။ ကျွန်တော်တို့အသင်းက ဒီပွဲမှာ ဂိုးသွင်းယူနိုင်မယ့် အခွင့်အရေး ၇ ကြိမ်လောက်ရခဲ့ပါတယ်။ ပွဲအစမှာလည်း ကစားပုံ အရမ်းကောင်းခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ သူတို့ ဂိုးရသွားပြီးတဲ့နောက်မှာ ကျွန်တော်တို့ စုဖွဲ့မှု ပျက်သွားခဲ့ပါတယ်။ အဲ့ဒီနောက် သူတို့က တန်ပြန်တိုက်စစ်ကနေ ဂိုးတွေထပ်ရခဲ့ပါတယ်။ ဒါကြောင့် လူတွေပြောသလို အဘူဒါဘီ ခရီးစဉ်အပေါ် အပြစ်တင်လို့မရပါဘူး” ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။

အဆိုပါ ရှုံးပွဲရလဒ်သည် အာဆင်နယ်ကို အိမ်ကွင်းတွင် ၂-၀ ဂိုးဖြင့် ရှုံးနိမ့်အပြီးတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ခြေစွမ်းဆိုးရွားခြင်းသည် ဆာဂျီယို အဂူရို၏ ကြံ့ခိုင်မှုအပြည့်ဖြင့် ပါဝင်လာခြင်းကဲ့သို့သော အကြောင်းများကြောင့် ဖြစ်ကြောင်း ပယ်လီဂရီနီက ရှင်းပြခဲ့သည်။

“နောက်ဆုံး အိမ်ကွင်း ၂ ပွဲမှာ ဂိုးတစ်ဂိုးမှ မရခဲ့တာက ပုံမှန်အခြေအနေ မဟုတ်ပါဘူး။ အဓိက ပြဿနာက တိုက်စစ်မှူး မပါဘဲ တစ်လလောက် ကစားပြီးတဲ့နောက် ကစားတဲ့ပုံစံ ပြောင်းလဲတဲ့အတွက်ကြောင့်ပါ။ တိုက်စစ်မှူးတွေ ပြန်ပါလာနိုင်တဲ့အချိန်မှာ သူတို့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြန်ရဖို့ အချိန်လိုပါတယ်။ ကျွန်တော်တို့ရဲ့ ပုံမှန်ခြေစွမ်း ပြန်ရဖို့အတွက် အချိန်လိုပါတယ်” ဟု မန်ချက်စတာစီးတီး မန်နေဂျာက ပြောကြားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment