Pages

Subscribe:

Thursday, January 22, 2015

ရှာကီရီနှင့် ပိုဒေါ့စကီးတို့၏ အရည်အသွေးကို အင်တာ လူငယ်တိုက်စစ်မှူး အိုင်ကာဒီ ချီးကျူး



ဇန်ဒါ ရှာကီရီနှင့် လူးကက်စ် ပိုဒေါ့စကီးတို့ကဲ့သို့ အရည်အသွေးမြင့် ကစားသမားများ ရောက်ရှိလာသည့်အတွက် ပျော်ရွှင်မိကြောင်း အင်တာမီလန် တိုက်စစ်မှူး မော်ရို အိုင်ကာဒီက ပြောကြားခဲ့သည်။
အင်တာသည် ကိုပါအီတာလီယာ ပွဲစဉ်တွင် ဆမ့်ဒိုးရီးယားကို (၂-၀)ဖြင့် အနိုင်ရခဲ့ပြီး အဆိုပါ လူသစ်နှစ်ဦးစလုံး ပါဝင် ကစားခဲ့သည်။ ဆွစ်ဇာလန် တောင်ပံတိုက်စစ်မှူး ရှာကီရီသည် ဘိုင်ယန်မြူးနစ်မှ ကူးပြောင်းလာခြင်းဖြစ်ပြီး ဂျာမန်တိုက်စစ်မှူး ပိုဒေါ့စကီးက အာဆင်နယ်မှ အင်တာသို့ အငှားရောက်ရှိလာခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် အဖွင့်ဂိုးကို ပိုဒေါ့စကီး၏ ဖန်တီးပေးမှုမှတစ်ဆင့် ရှာကီရီက သွင်းယူခဲ့သည်။ ဒုတိယဂိုးကိုမူ အီတလီ လူငယ်တိုက်စစ်မှူး အိုင်ကာဒီက ရယူပေးခဲ့ခြင်း ဖြစ်သည်။

အိုင်ကာဒီက “ရှာကီရီရော၊ ပိုဒေါ့စကီးပါ ထိပ်တန်း အရည်အသွေး ရှိနေတဲ့ ကစားသမားတွေပါ။ ကျွန်တော်ကတော့ သူတို့ရဲ့ ကူညီပံ့ပိုးမှုနဲ့အတူ အင်တာအသင်း အဆင့်မြင့်မြင့် တက်လှမ်းနိုင်ဖို့ မျှော်လင့်ထားပါတယ်”ဟု ပြောကြားခဲ့သည်။ အသက်(၂၁)နှစ်ရှိ နီနက်ဒ် ခရစ်ဆစ်နှင့် ပေါ်ဝယ်လ် ဇိုလက်ခ်တို့ အထုတ်ခံရပြီး (၉)ယောက်ကျန် အနေအထားဖြင့် ကစားရသည့်တိုင် အဆိုပါ ပွဲစဉ်တွင် ဆမ့်ဒိုးရီးယားက အင်တာကို အခက်တွေ့အောင် စွမ်းဆောင်ခဲ့ကြောင်းလည်း ဝန်ခံခဲ့သည်။

“လူတစ်ယောက် လျော့သွားကတည်းက ဆမ့်ဒိုးရီးယားဟာ စုပြုံပိတ်ဆို့ပြီး ကစားသွားပါတယ်။ ဒီတော့ ပွဲက ကျွန်တော်တို့ ထင်တာထက် အများကြီး ပိုခက်သွားတယ်။ ပြီးတော့ ပွဲအစပိုင်းမှာလည်း အင်တာဟာ အကောင်းဆုံး မကစားနိုင်ခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် လိုအပ်တဲ့ အနိုင်ရလဒ်ကို ယူနိုင်ခဲ့တာတော့ ကျေနပ်မိပါတယ်”ဟု အိုင်ကာဒီက ဖွင့်ဟသွားသည်။

Soccer Myanmar


0 comments:

Post a Comment