Pages

Subscribe:

Wednesday, January 21, 2015

ယူနိုက်တက်တွင် ခြေစွမ်းပိုမို ပြသလာနိုင်စေရမည်ဟု ဖယ်လ်ကာအို ကတိပြု




ရာသီအစပိုင်းက ရုန်းကန်ရသော်လည်း ယခုအခါတွင် မိမိအနေဖြင့် မန်ချက်စတာ ယူနိုက်တက်တွင် တစ်စထက်တစ်စ အခြေကျ ကောင်းမွန်လာပြီဟု ခံစားမိကြောင်း ရာဒါမယ် ဖယ်လ်ကာအိုက ပြောကြားခဲ့သည်။
မိုနာကို အသင်းမှ တစ်နှစ် အငှားစာချုပ်ဖြင့် လာရောက် ကစားနေသည့် ကိုလံဘီယာ လက်ရွေးစင် တိုက်စစ်မှူးသည် ကြံ့ခိုင်မှုနှင့် ဒဏ်ရာ ပြဿနာများကြောင့် ရုန်းကန်ခဲ့ရသူ ဖြစ်သည်။ အသက်(၂၈)နှစ်ရှိ ကစားသမားသည် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်နှင့် ဆက်ဆံရေး မပြေလည်ဘဲ ရာသီကုန်တွင် ယူနိုက်တက်ကို စွန့်ခွာမည်ဟု သတင်းများပင် ထွက်ပေါ်ခဲ့သည်။ ဗန်ဂါးလ်သည် ဆောက်သမ်တန်ကို အရေးနိမ့်သော ပွဲစဉ်တွင် ဖယ်လ်ကာအိုအား အရန်လူ စာရင်းတွင်ပင် မထည့်သွင်းဘဲ ချန်လှပ်ခဲ့သည်။ သို့သော်လည်း QPRနှင့် ပွဲစဉ်တွင် ဖယ်လ်ကာအိုက ယူနိုက်တက် တိုက်စစ်ကို ဦးဆောင် ကစားခွင့် ရခဲ့ပြီးဂိုးမသွင်းနိုင်သည့်တိုင် ခြေစွမ်းပြသွားခဲ့သည်။

ဖယ်လ်ကာအိုက မိမိအနေဖြင့် ရုန်းကန်ရသော ကာလများကို အတိတ်တွင် ချန်ထားပြီး ယူနိုက်တက်အတွက် ပိုမို ခြေစွမ်းပြလာနိုင်စေရမည်ဟု ပရိသတ်များအား ကတိပေးခဲ့သည်။ “ဘောလုံးရာသီ ပထမနှစ်ဝက်ကတော့ ကျွန်တော့်အတွက် အံဝင်အောင် ကြိုးစားရတဲ့ အချိန်တွေ ဖြစ်ခဲ့ပါတယ်။ အသင်းသစ်၊ ပြိုင်ပွဲသစ် တစ်ခုမှာ ကိုယ်နဲ့အတူ တခြားကစားသမားသစ်တွေ အများကြီး ဝင်ရောက်လာတဲ့ အခြေအနေမှာ အထိုင်ကျဖို့ အချိန်လိုပါတယ်။ ပြီးတော့ အသင်းက မန်နေဂျာသစ် တစ်ယောက်ရဲ့ လက်အောက်မှာ လုံးဝကွဲပြားတဲ့ ပုံစံမျိုးနဲ့ တည်ဆောက်နေတာပါ။ ဒီအခြေအနေတွေမှာ ကျွန်တော်လည်း ပုံမှန်ခြေစွမ်းကို ထိန်းထားဖို့ မလွယ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ပွဲတွေ အများကြီး ကစားရဖို့တော့ ကျွန်တော် ဆန္ဒရှိပါတယ်။ ကျွန်တော့် အနေနဲ့ နည်းနည်းချင်း ကစားရင်း အသင်းမှာ နေရာရလာပြီး ပိုလည်း ကောင်းလာတယ်လို့ ခံစားမိပါတယ်”ဟု ဖယ်လ်ကာအိုက ဆိုသည်။

၎င်းက “နောက်ထပ် ကစားရမယ့် ပွဲတွေတော့ ကျန်ပါသေးတယ်။ ဟုတ်တယ်။ ကျွန်တော် ဂိုးတွေသွင်းယူပြီး အသင်းကို အစွမ်းရှိသလောက် ဆက်ပြီး ကူညီနေချင်ပါတယ်”ဟုလည်း ဖွင့်ဟခဲ့သည်။ ဖယ်လ်ကာအိုက မိမိသည် အငှားစာချုပ် သက်တမ်းကုန်လျှင်ပင် အိုးလ်ထရက်ဖို့ဒ်တွင် ဆက်ရှိနေချင်ကြောင်းလည်း ဝန်ခံခဲ့သည်။ “မန်ချက်စတာ ယူနိုက်တက်ဟာ သိပ်ကို ခမ်းနားကြီးမားတဲ့ ကလပ်အသင်း တစ်ခုပါ။ ကမ္ဘာပေါ်မှာ အကြီးဆုံး ကလပ်အသင်း တစ်ခုလို့တောင် ဆိုနိုင်ပါတယ်။ ဒီအသင်းရဲ့ ဂျာစီကို ဝတ်ဆင်ရတာ ကျွန်တော် တကယ့်ကို ပျော်ရွှင်ပါတယ်။ ဒီလို အသင်းမျိုးမှာ အစိတ်အပိုင်း တစ်ရပ်အနေနဲ့ ပါဝင်ဖို့ဆိုတာ ကျွန်တော့် အိပ်မက်တစ်ခုပါ။ ဒီမှာ လာကစားရလို့ ဂုဏ်ယူပါတယ်။ ကျွန်တော် ယူနိုက်တက်ကို စရောက်ကတည်းက ပရိသတ်တွေရဲ့ အူလှိုက်သည်းလှိုက် အားပေးမှုကို သိရှိ ခံစားခဲ့ရတယ်။ ပရိသတ်တွေက ကျွန်တော့်ကို ထောက်ခံအားပေးကြတယ်။ ဒီအတွက်လည်း အရမ်းပျော်ပါတယ်”ဟု ဖယ်လ်ကာအိုက ပြောကြားသွားသည်။

Soccer Myanmar


0 comments:

Post a Comment