Pages

Subscribe:

Wednesday, January 21, 2015

အာဆင်နယ်၏ တိုက်စစ်စုဖွဲ့မှုသည် ကလပ်သမိုင်းတစ်လျှောက် အကောင်းဆုံး ဖြစ်လာနိုင်ဟု ဝဲလ်ကော့ မှတ်ချက်ပြု



အာဆင်နယ်၏ လက်ရှိစုဖွဲ့မှုသည် ကလပ်အသင်း၏ သမိုင်းကြောင်းတစ်လျှောက် အကောင်းဆုံး ဖြစ်လာနိုင်ကြောင်း သီအိုဝဲလ်ကော့က မှတ်ချက်ပြု ပြောကြားခဲ့သည်။

အသက်(၂၅)နှစ်ရှိ အင်္ဂလန် တောင်ပံ တိုက်စစ်သမားက လက်ရှိ အာဆင်နယ်၏ တိုက်စစ်အင်အားသည် သီအာရီ အွန်နရီနှင့် ဒင်းနစ်ဘားကမ့်တို့ လက်ထက်ကထက်ပင် ပိုမို ထက်မြက်လာနိုင်ခြေ ရှိနေကြောင်း ဆိုသည်။ အွန်နရီ ဦးဆောင်သော အာဆင်နယ် တိုက်စစ်သည် (၂၀၀၄)ခုနှစ်က ရှုံးပွဲမရှိ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့ရာတွင် အဓိက အကျဆုံး အကြောင်းရင်း တစ်ရပ်လည်း ဖြစ်သည်။ သို့သော်လည်း ဒန်နီဝဲလ်ဘက်၊ အလက်ဆစ်ဆန်းချက်ဇ်၊ အိုလီဗီရာဂီရော့ဒ်၊ အဲလက်စ်အော့စ်လိဒ် ချမ်ဘာလိန်၊ ဆန်တီကာဇိုလာနှင့် ၎င်းတို့ကိုယ်တိုင် ပါဝင်သည့် တိုက်စစ်စုဖွဲ့မှုက အွန်နရီ၊ ဘားကမ့်တို့အပြင် ရောဘတ်ပီရက်စ်၊ အန်တိုနီယိုရေးယက်စ်၊ ဖရက်ဒရစ် လယွန်းဘာ့ဂ်တို့ ခေတ်ကထက် ပိုမိုတောင့်တင်းလာမည်ဟု ဝဲလ်ကော့က ယူဆလျက် ရှိသည်။

ဝဲလ်ကော့က “အာဆင်နယ်ကို ကျွန်တော် ရောက်လာတုန်းက ပီရက်စ်၊ လယွန်းဘာ့ဂ်၊ ဘားကမ့်၊ ရေးယက်စ်နဲ့ အွန်နရီတို့ စုဖွဲ့ပြီး အကောင်းဆုံး တိုက်စစ်အင်အားတစ်ရပ် ပိုင်ဆိုင်ထားချိန်ပေါ့။ လက်ရှိ အသင်းရဲ့ တိုက်စစ် စုဖွဲ့မှုဟာ အဲဒီထက် သာလာနိုင်ပါတယ်။ ဒါပေမဲ့ အဲဒါကို ကျွန်တော်တို့က လက်တွေ့ လုပ်ပြနိုင်ဖို့တော့ လိုတယ်။ FAဖလား အောင်မြင်မှုထက် ပိုကောင်းမွန်တဲ့ စွမ်းဆောင်ရည် တစ်ခုခု ပြသနိုင်တယ် ဆိုရင်တော့ ကျွန်တော်တို့ဟာ ရှေ့တန်းကို ထွက်ပြီး မားမားရပ်နိုင်ပါပြီ။ ပြီးတော့ အာဆင်နယ်ဟာ သမိုင်းတစ်လျှောက် အကောင်းဆုံး တိုက်စစ် အစုအဖွဲ့ကို ပိုင်ဆိုင်နေပြီလို့ ရင်ကော့ပြီး ပြောနိုင်ပြီပေါ့”ဟု ပြောကြားခဲ့သည်။

ဝဲလ်ကော့က ယခုရာသီမှ အသင်းသို့ ရောက်ရှိလာပြီး အထူးတလည် ခြေစွမ်းပြနေသည့် ချီလီ တောင်ပံတိုက်စစ်သမား ဆန်းချက်ဇ်ကိုလည်း ချီးကျူးစကား ဆိုသည်။ “အရမ်း ကြိုးကြိုးစားစား အားထုတ်လေ့ရှိသူတွေဟာ ကောင်းကျိုးတော့ ခံစားရတာပါပဲ။ ကွင်းထဲမှာ ဆန်းချက်ဇ် ကစားနေတာကို ကြည့်ရင် လူမြင်ကွင်းနောက်ကွယ် လေ့ကျင့်ရေး အစီအစဉ်တွေမှာ သူဘယ်လောက် အားထုတ် ကြိုးစားနေမလဲ ဆိုတာကို တွေးလို့ရပါလိမ့်မယ်။ သူ့ကို ကြည့်ပြီး အသင်းသားတိုင်းက ငါတို့လည်း ဒီလို ကြိုးစားဖို့ လိုတယ်လို့ တွေးမိလောက်အောင်ပါပဲ”ဟုလည်း ဝဲလ်ကော့က မှတ်ချက်ပြုသွားသည်။

Soccer Myanmar


0 comments:

Post a Comment