Pages

Subscribe:

Saturday, January 31, 2015

ဒီဂီယာကို အသင်းတွင် ဆက်ရှိနေစေလိုသော်လည်း အာမမခံနိုင်ဟု ဗန်ဂါးလ်ဝန်ခံ



မိမိ အနေဖြင့် မန်ချက်စတာ ယူနိုက်တက်တွင် ဒေးဗစ်ဒီဂီယာကို ကာလရှည်ကြာ ဆက်ရှိစေလိုကြောင်း အသင်းမန်နေဂျာ လူးဝစ်ဗန်ဂါးလ်က ဝန်ခံ ပြောကြားခဲ့သည်။

အသက်(၂၄)နှစ်ရှိ စပိန်လက်ရွေးစင် ဂိုးသမားကို ရီးယဲလ်မက်ဒရစ် အသင်းက အလေးအနက် စိတ်ဝင်စားနေချိန်တွင် ဗန်ဂါးလ်က ဒီဂီယာ၏ အိုးလ်ထရက်ဖို့ဒ် အနာဂတ်အပေါ် မည်သူမျှ အာမ မခံနိုင်ကြောင်း သုံးသပ်ခဲ့သည်။ ရီးယဲလ်သည် အသက်အရွယ် ရလာပြီဖြစ်သည့် အိုင်ကာကားဆီးလက်စ် နေရာတွင် ရေရှည် အစားထိုးရန် ဒီဂီယာကို ကာလ ရှည်ကြာ စောင့်ကြည့်နေသည်။ ယခုရာသီ အထူးလက်စွမ်းပြပြီး ပရိသတ် အချစ်တော်အဖြစ် ရပ်တည်နေသည့် ဒီဂီယာ၏ စာချုပ်သည် (၁၈)လသာ သက်တမ်းကျန်တော့ပြီး လက်ရှိအချိန်ထိ စာချုပ်သက်တမ်း တိုးမြှင့်ရန် အဆင်မပြေသေးဘဲ ဖြစ်နေသည်။

ဗန်ဂါးလ်က “ဒီဂီယာ့ စာချုပ်ကိစ္စက ကစားသမားနဲ့ အသင်းဘုတ်အဖွဲ့ကြားမှာ ရှိနေတဲ့ မေးခွန်းပါ။ ကမ္ဘာ့ဘောလုံးလောကမှာ ဘာမဆို ဖြစ်ပျက် ပြောင်းလဲသွားတတ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ သူ့ကို ဆက်ပြီး ထိန်းထားချင်ပါတယ်”ဟု ဝန်ခံခဲ့သည်။ ယူနိုက်တက်သည် ဆောင်းရာသီ ဈေးကွက်တွင် စပိန်ဂိုးသမား ဗစ်တာဗဲလ်ဒက်စ်နှင့် ဆဲလ်ဖို့ဒ်စီးတီးမှ လူငယ်ခံစစ်မှူး ဆာဒစ်အယ်လ်ဖီတူရီတို့ကို ခေါ်ယူခဲ့သော်လည်း နောက်ထပ် လူသစ်များ ဝယ်ယူအားဖြည့်မည် မဟုတ်ဟု ဗန်ဂါးလ်က ဆိုသည်။ အန်ဒါဆန်၊ ဝီလ်ဖရိုက်ဒ်ဇာဟာ၊ ဒါရင်ဖလက်ချာနှင့် တတိယဦးစားပေး ဂိုးသမား အန်ဒါလင်ဒီဂါ့ဒ်တို့မှာမူ ဈေးကွက်မပိတ်မီ အိုးလ်ထရက်ဖို့ဒ်ကို ကျောခိုင်းသွားမည့် အလားအလာ ရှိနေသည်။

သတင်းထောက် များက လူသစ်များ ခေါ်ယူရန် အစီအစဉ် ရှိမရှိ မေးမြန်းရာ နယ်သာလန်သား မန်နေဂျာကြီးက “ဟင့်အင်း။ သတင်းစာတွေထဲမှာ ကျွန်တော်က ဘယ်ကစားသမားကို စိတ်ဝင်စားနေပါတယ် ဆိုတာတွေ နေ့တိုင်း ဖတ်နေရတယ်။ ကျွန်တော် ဘယ်ကစားသမားကိုမှ ခေါ်ဖို့ လောလောဆယ် အစီအစဉ် မရှိဘူး။ ကစားသမား တချို့ကို ထွက်ခွာခွင့်ပေးဖို့၊ ရောင်းထုတ်ဖို့ပဲ ရှိတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့မှ မယုံဘဲလေ”ဟု ဖြေကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment