Pages

Subscribe:

Saturday, January 31, 2015

ကာရစ်၏ ဒဏ်ရာက ယူနိုက်တက် အတွက် ထိုးနှက်ချက် တစ်ရပ် ဖြစ်လာ



မိုက်ကယ်ကာရစ် ဒဏ်ရာရသွားခြင်းက မန်ချက်စတာ ယူနိုက်တက်အတွက် ထိုးနှက်ချက်တစ်ရပ် ဖြစ်လာကြောင်း သိရှိရသည်။

အသက်(၃၃)နှစ်ရှိ အင်္ဂလန် ဝါရင့် ကစားသမားသည် ရာသီအစပိုင်းက ဒဏ်ရာများကြောင့် အနားယူခဲ့ရဖူးပြီး နောက်ပိုင်းတွင် မန်နေဂျာ လူးဝစ်ဗန်ဂါးလ် အားအကိုးဆုံး လက်ရုံးတစ်ဦး ဖြစ်လာခဲ့သည်။ ၎င်းသည် ဗန်ဂါးလ် လက်အောက်တွင် (၁၄)ပွဲထိ ကစားခဲ့သော်လည်း ကြွက်သားဒဏ်ရာကြောင့် စနေနေ့ည လက်ဆက်စတာ စီးတီးနှင့် ကစားမည့် ပွဲစဉ်ကို လွဲချော်မည် ဖြစ်သည်။ တစ်ဖက်တွင်မူ တောင်ပံလူ အက်ရှ်လေယန်းသည် တံကောက်ကြော ဒဏ်ရာမှ သက်သာလာနေပြီ ဖြစ်သည်။

ဗန်ဂါးလ်က “ယန်းက ပြန်ကောင်းလာပါပြီ။ အခုလောလောဆယ် ဒဏ်ရာရနေတာ ကာရစ်တစ်ယောက်ပဲ ရှိတယ်။ သူက ဒီသီတင်းပတ်ကုန် ပွဲစဉ်မှာတော့ မပါနိုင်လောက်ဘူး။ ကာရစ်ရဲ့ ဒဏ်ရာက (၄)ပတ်လောက်ထိ နားရနိုင်တယ်။ ကြွက်သား စုတ်သွားတာဟာ အသေးစား ဒဏ်ရာမျိုးတော့ မဟုတ်ဘူး။ သူဟာ အသင်းရဲ့ ဒုတိယ အသင်းခေါင်းဆောင်လည်း ဖြစ်တယ်။ ဒါပေမဲ့ မန်နေဂျာ တစ်ယောက်အတွက် ဒီအခြေအနေတွေကို ကိုင်တွယ်ရမှာပဲလေ။ ပြီးတော့ ဒီရာသီမှာ အသင်းက ဒဏ်ရာပြဿနာတွေ အများကြီး ကြုံခဲ့တယ်။ ကာရစ်ဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားပါ။ ဒါပေမဲ့ အခုသူ ဒဏ်ရာရနေတယ်။ ကျွန်တော်တို့ ဘာမှ မတတ်နိုင်ဘူး”ဟု ပြောကြားခဲ့သည်။

ယူနိုက်တက်တွင် ကာရစ် ဒဏ်ရာရနေသလို ဒါရင်ဖလက်ချာနှင့် အန်ဒါဆန်တို့မှာလည်း အသင်းမှ ထွက်ခွာရန် စီစဉ်နေခြင်းကြောင့် လာမည့်ပွဲစဉ်များတွင် ဗန်ဂါးလ်သည် ကွင်းလယ်အတွက် အန်ဒါဟာရဲရာ၊ ဒါလေဘလင်းနှင့် မော်ရိုဖယ်လိုင်နီတို့ကိုသာ အဓိက အသုံးပြုသွားရဖွယ် ရှိနေသည်။

Soccer Myanmar

0 comments:

Post a Comment