Pages

Subscribe:

Thursday, January 22, 2015

ဘာစီလိုနာတွင် ဆွာရက်ဇ် ခြေစွမ်းပြန်ပြလာနိုင်မည်ဟု ရာကီတစ် ထောက်ခံ



ဘာစီလိုနာတွင် ခြေစွမ်းပြရန် လတ်တလော ရုန်းကန်နေရသည့်တိုင် လူးဝစ်ဆွာရက်ဇ်သည် ပုံစံကောင်း ပြန်လည် ရရှိလာလိမ့်မည်ဟု အသင်းဖော် အိုင်ဗန် ရာကီတစ်က ထောက်ခံ ပြောကြားခဲ့သည်။

ရာကီတစ်ရော၊ ဆွာရက်ဇ်တို့ပါ နွေရာသီ ဈေးကွက် ကာလအတွင်းက ဘာစီလိုနာသို့ အသီးသီး ပြောင်းရွှေ့လာကြခြင်း ဖြစ်သည်။ အသက်(၂၇)နှစ်ရှိ ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူး ဆွာရက်ဇ်သည် ပြီးခဲ့သည့် ရာသီက လီဗာပူးလ်တွင် လျှမ်းလျှမ်းတောက် ခြေစွမ်းပြခဲ့သည့်အတွက် ဘာစီလိုနာက ပေါင်စတာလင် (၆၅)သန်းဖြင့် ခေါ်ယူခြင်းကို ခံခဲ့ရသည်။ သို့သော်လည်း ၎င်းသည် နူးကမ့်တွင် ပုံစံကောင်း ရရှိရန် ရုန်းကန်နေရပြီး စုစုပေါင်း (၅)ဂိုးသာ သွင်းယူထားနိုင်ခဲ့သည်။ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွင်း အီတလီ နောက်ခံလူ ဂျော်ဂျီယို ချီလီယေနီကို ကိုက်ခဲ့သဖြင့် ပွဲပယ်ခံရပြီး ဘာစီလိုနာတွင် ပွဲဦးထွက်ခွင့် နောက်ကျနေခြင်းကလည်း ဆွာရက်ဇ်အတွက် ပိုမို အခက်ကြုံစေခဲ့သည်။

ခရိုအေးရှား ကွင်းလယ်ဖန်တီးရှင် ရာကီတစ်ကမူ ဆွာရက်ဇ်၏ အရည်အသွေးများကို ယုံကြည်သင့်ကြောင်း ဆိုသည်။ ၎င်းက “ဆွာရက်ဇ်ဟာ အရေးပါတဲ့ ကစားသမား တစ်ယောက်ပါ။ သွင်းဂိုးတွေက သူ့အလိုလို ဖြစ်လာပါလိမ့်မယ်”ဟု မှတ်ချက်ပြုခဲ့သည်။ ၎င်းက “ဆွာရက်ဇ်ဟာ အရမ်းကို ကြိုးစားလေ့ ရှိပါတယ်။ သူဟာ အခုအချိန်မှာ ကျွန်တော်တို့အတွက် အရေးအပါဆုံး ကစားသမားတစ်ယောက် ဖြစ်နေပါပြီ”ဟုလည်း ပြောကြားခဲ့သည်။ ဆွာရက်ဇ်သည် ဘာစီလိုနာ တိုက်စစ်တွင် လီယွန်နယ် မက်ဆီ၊ နေမာတို့နှင့် တွဲဖက်ကစားရသော်လည်း အကောင်းဆုံး ချိတ်ဆက်နိုင်ရန် ရုန်းကန်နေရဆဲ ဖြစ်သည်။

Soccer Myanmar


0 comments:

Post a Comment