Pages

Subscribe:

Tuesday, May 12, 2015

ဂွာဒီယိုလာအပေါ် ဘိုင်ယန် ကစားသမားများ ယုံကြည်မှု လျော့နည်းလာနိုင်ဟု မားသီးယက်စ် သုံးသပ်



ဂွာဒီယိုလာအပေါ် ဘိုင်ယန် ကစားသမားများ ယုံကြည်မှု လျော့နည်းလာနိုင်ဟု မားသီးယက်စ် သုံးသပ်

နောက်ဆုံးကစားသည့် လေးပွဲဆက်တိုက် အရေးနိမ့်ခဲ့သည့်နောက် ဘိုင်ယန်မြူးနစ်၏ ကြယ်ပွင့် ကစားသမားများ အနေဖြင့် နည်းပြ ဂျိုးဆက် ပက်ပ်ဂွာဒီယိုလာအပေါ် ယုံကြည်မှု လျော့ကျလာပြီဟု အသင်း၏ ဂန္ထဝင် ဘောလုံးသမားဟောင်းကြီး လိုသာ မားသီးယက်စ်က မှတ်ချက်ပြု ပြောကြားလိုက်သည်။

ဂွာဒီယိုလာ လက်အောက်တွင် ဘိုင်ယန်သည် နှစ်ရာသီဆက် ဘွန်းဒစ်လီဂါ ချန်ပီယံဆု ရရှိခဲ့သော်လည်း ချန်ပီယံလိဂ်တွင် ပြောင်ပြောင်မြောက်မြောက် စွမ်းဆောင်မှုမျိုး မပြသနိုင်ခဲ့ချေ။ ယခုရာသီတွင်လည်း ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ ပထမအကျော့၌ စပိန်သား နည်းပြ၏ အသင်းဟောင်း ဘာစီလိုနာကို (၃-၀)ဖြင့် အပြတ်အသတ် ရှုံးနိမ့်ထားသောကြောင့် ပြိုင်ပွဲမှ ထွက်ခွာရရန် အလွန် အလားအလာ များနေပြီ ဖြစ်သည်။ ဘိုင်ယန်တွင် အာယန်ရော်ဘန်နှင့် ဖရန့်ခ်ရစ်ဘာရီတို့ တောင်ပံကစားသမားများ ဒဏ်ရာရနေချိန်တွင် အစားထိုးရန် ခက်ခဲနေပြီး ဇန်ဒါ ရှာကီရီကို ဇန်နဝါရီလတွင် အင်တာမီလန်သို့ ပြောင်းရွှေ့ခွင့် ပေးခဲ့ခြင်းအတွက် ပေးဆပ်နေရခြင်းဟု ဘိုင်ယန် ဂန္ထဝင်ဟောင်း ဖရန့်ဇ် ဘက်ကင်ဘောင်ဝါက ဝေဖန်ထားသည်။ ယခုအခါ မားသီးယက်စ်ကလည်း ပြိုင်ပွဲစုံ လေးပွဲဆက် ရှုံးနိမ့်ခဲ့သည့် ဘိုင်ယန်၏ အခြေအနေနှင့် စပ်လျဉ်းပြီး ဂွာဒီယိုလာ၏ အရည်အသွေးအပေါ် မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။

“ဂွာဒီယိုလာ ကိုယ်တိုင်က သူတို့အတွက် ရာသီသိမ်းပြီလို့ ပြောထားပါတယ်။ သူက အသင်းကို လူအပြောင်းအလဲ အရမ်းလုပ်ခဲ့တယ်။ အဲဒီအတွက် အသင်းက အထိုင်မကျ၊ မတည်ငြိမ်ဘူး ဖြစ်သွားပါတယ်”ဟု မားသီးယက်စ်က ဆိုသည်။ ၎င်းက “သူ့အသင်းဟာ ရေရှည်မှာ တည်ငြိမ်မှု ပျောက်သွားခဲ့တယ်။ ရှစ်လအတွင်း အတက်အကျ အပြောင်းအလဲတွေ အများကြီး ဖြစ်လာတယ်။ အခုဆို ကစားသမားတွေကလည်း နည်းပြအပေါ် ယုံကြည်မှု ပျောက်ဆုံးစ ပြုလာပြီ ထင်ပါတယ်။ ပြောရရင် ဂွာဒီယိုလာက ဒီအခြေအနေကို မျှော်လင့်ထားပုံ မရဘူး”ဟု မားသီးယက်စ်က မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment