Pages

Subscribe:

Wednesday, May 13, 2015

ရီးယဲလ်တွင် ဘေးလ် ပျော်ပျော်ရွှင်ရွှင် ရှိနေကြောင်း အန်ဆလော့တီပြောကြား



ရီးယဲလ်တွင် ဘေးလ် ပျော်ပျော်ရွှင်ရွှင် ရှိနေကြောင်း အန်ဆလော့တီပြောကြား

ဂါရတ်သ်ဘေးလ်သည် ရီးယဲလ်မက်ဒရစ်တွင် ပျော်ပျော်ရွှင်ရွှင်ပင် ရှိနေပြီး လာမည့်ရာသီ အသင်း၌သာ ဆက်ကစားသွားမည်ဟု နည်းပြ ကာလို အန်ဆလော့တီက ပြောကြားလိုက်သည်။

စပိန်စကား မတတ်သည့် ဝေလလက်ရွေးစင် တောင်ပံတိုက်စစ်သမားသည် ရီးယဲလ် အဝတ်လဲခန်းထဲတွင် အထီးကျန် သင်းကွဲဖြစ်နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး ယခုရာသီ ၎င်း၏ ခြေစွမ်းကို အသင်းပရိသတ်များက ပြန်လည် လှောင်ပြောင်နေသည့်နောက် ဘေးလ်အနေဖြင့် ပရီးမီးယားလိဂ်သို့ ပြန်လည် ပြောင်းရွှေ့ဖွယ်ရှိကြောင်း ခန့်မှန်းမှုများ ပျံ့နှံ့လာခဲ့သည်။ အဆိုပါ အခြေအနေကို မန်ချက်စတာ ယူနိုက်တက်နှင့် ချယ်လ်ဆီးတို့က စောင့်ကြည့်နေသည်ဟုလည်း ယူဆရသည်။

အန်ဆလော့တီကမူ “ကျွန်တော် ဘေးလ်နဲ့ ခဏခဏ စကားပြောဖြစ်ပါတယ်။ သူက အသင်းမှာ နေရတာကို ပျော်နေတာပါ။ သူ့အေးဂျင့်က ကစားသမား စိတ်မကောင်းဖြစ်နေတယ် ဆိုတာမျိုး ပြောတယ်။ ဘာဖြစ်လို့ အခုလို ပြောသလဲဆိုတာကို ကျွန်တော် နားကိုမလည်ဘူး။ သူ့အနေနဲ့ ဘာမှ မပြောတာ ပိုကောင်းပါလိမ့်မယ်။ ဒါပေမဲ့လည်း အေးဂျင့်တွေရဲ့ ဒီလိုပုံစံတွေကို ကျွန်တော်တို့ ကြုံဖူးပြီးသားပါ။ ဒီကမ္ဘာပေါ်မှာ လူတွေက စကားအင်မတန်ပြောကြတယ်။ တချို့ကျ လိုတာထက် အများကြီး ပိုပြောတယ်။ ဘေးလ်ဟာ သူ့အသင်းဖော်တွေနဲ့ ဘာပြဿနာမှ မရှိပါဘူး။ သူ့အသင်းဖော်တွေကလည်း သူရှိနေလို့ ဘာပြဿနာမှ မရှိဘူး။ သူတို့က ဘေးလ်ကို သဘောကျကြပါတယ်။ စကားတစ်လုံးလောက်ကို အပြင်မှာက လိုရာဆွဲပြီး ကိုးကားကြတာ အများကြီးလေ”ဟု တုံ့ပြန် ပြောကြားသွားသည်။

ဘေးလ်သည် လက်ရှိအချိန်ထိ ရီးယဲလ်၏ ပုံမှန်ပွဲထွက် ကစားသမားအဖြစ် ရှိနေသော်လည်း ဧပြီလက ဂရန်နာဒါကို (၉-၁)ဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်နောက်ပိုင်း လုံးဝ ဂိုးမသွင်းနိုင်တော့ချေ။ အန်ဆလော့တီက “မနှစ်က သူဟာ အရေးပါတဲ့ ဂိုးတွေ သွင်းခဲ့တယ်။ ဗိုလ်လုပွဲ အဆင့်တွေမှာ ဂိုးတွေသွင်းနိုင်ခဲ့တယ်။ ကံကောင်းရင် ဒီရာသီ သူအဲဒီလို လုပ်နိုင်ဦးမှာပါ။ လူတွေကတော့ စကားများများ ပြောနေကြဦးမှာပါပဲ။ ဒါပေမဲ့ သူတို့ဟာ အဝတ်လဲခန်းရဲ့ အနေအထားက ဘာနဲ့တူတယ် ဆိုတာကို မသိကြဘူး။ လေ့ကျင့်ရေး အစီအစဉ်တွေကို မမြင်ရပါဘူး။ အပြင်ဘက်ကပဲ ထင်ရာတွေ လျှောက်ပြောနေတာပါ”ဟု ဝေဖန်သွားသည်။

Soccer Myanmar

0 comments:

Post a Comment