Pages

Subscribe:

Tuesday, May 12, 2015

မက်ဆီ ခြေစွမ်း ပြန်လည် မြင့်တက်လာမှုတွင် ဘာစီလိုနာ အသင်းဖော်များ၏ ပံ့ပိုးမှုက အဓိကကျဟု ဆီမြွန်းသုံးသပ်



မက်ဆီ ခြေစွမ်း ပြန်လည် မြင့်တက်လာမှုတွင် ဘာစီလိုနာ အသင်းဖော်များ၏ ပံ့ပိုးမှုက အဓိကကျဟု ဆီမြွန်းသုံးသပ်

ယခုရာသီ လီယွန်နယ် မက်ဆီ၏ ခြေစွမ်းခြေစ အမြင့်ဆုံး ပြန်လည် ရရှိလာခြင်းသည် ၎င်း၏ ဘာစီလိုနာ အသင်းဖော်များ၏ ဝိုင်းဝန်း ပံ့ပိုးမှုက အလွန် အရေးပါခဲ့ကြောင်း အက်သလက်တီကို မက်ဒရစ်နည်းပြ ဒီယေဂို ဆီမြွန်းက မှတ်ချက်ပြု ပြောကြားလိုက်သည်။

အာဂျင်တီးနား လက်ရွေးစင် မက်ဆီသည် ပြီးခဲ့သည့် ရာသီက အကောင်းဆုံး စွမ်းဆောင်ရည်မျိုး ရရှိရန် အတန်ငယ် ရုန်းကန်ခဲ့ရသလို ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or အတွက်လည်း ခါးသီးပြိုင်ဘက် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို စိန်မခေါ်နိုင်ခဲ့ချေ။ ယခုရာသီတွင်မူ မက်ဆီသည် ခြေစွမ်းပြောင်မြောက်စွာ ပြသနေသလို ဘိုင်ယန်မြူးနစ်ကို အနိုင်ရသည့် ချန်ပီယံလိဂ် ပွဲစဉ်တွင်လည်း ပဉ္စလက်ဆန်ဆန် သွင်းဂိုးတစ်ဂိုး အပါအဝင် ကိုယ်တိုင် နှစ်ဂိုး သွင်းနိုင်ခဲ့သည်။ မက်ဆီနှင့် တစ်နိုင်ငံတည်းသားဖြစ်သည့် ဆီမြွန်းက ဘာစီလိုနာ ရှေ့တန်းမှ နေမာနှင့် လူးဝစ်ဆွာရက်ဇ်တို့ အပါအဝင် အသင်းဖော်များသည် မက်ဆီ၏ ခြေစွမ်း တစ်ကျော့ပြန် တောက်ပလာမှုတွင် အဓိကကျသော သော့ချက်များဖြစ်ကြောင်း ဆိုသည်။

Goal.comတွင် ဖော်ပြခဲ့သည့် ၎င်း၏ အမြင်ဆောင်းပါးတွင် ဆီမြွန်းက “ဘိုင်ယန်ကို အနိုင်ရခဲ့တာဟာ မက်ဆီတစ်ဦးတည်းကြောင့်တော့ မဟုတ်ပါဘူး။ သူတို့ဟာ ဘာစီလိုနာ ဖြစ်နေတာကြောင့်ပါ။ ဆွာရက်ဇ်ရဲ့ အားမာန်ပါပါ ထိုးဖောက်မှုတွေက သိပ်အရေးကြီးပါတယ်။ နေမာကတော့ တန်ပြန်တိုက်စစ်အတွက် အမြဲတမ်း အသင့်ရှိနေပါတယ်။ ပြီးတော့ အိုင်ဗန်ရာကီတစ်ရဲ့ ရွေ့လျားပုံတွေနဲ့ ပူးပေါင်းလိုက်တဲ့အခါ အရမ်းမြိုင်သွားတယ်။ ခံစစ်မှာဆို ဟာဗီးယား မာရှေယာနိုက နေရာစုံ ရောက်နေတယ်။ ဂျရတ်ပီကေးက ဒီရာသီ အကောင်းဆုံး ကစားနိုင်တယ်။ ခံစစ်တောင်ပံလူတွေကလည်း တောက်လျှောက် တိုက်စစ်ထိ လိုက်ပါနေကြတယ်။ ဘာစီလိုနာက စုစည်းသထက် စုစည်းလာတယ်။ အဲဒီအချိန်မှာ မက်ဆီရဲ့ တစ်ဦးချင်း ကိုယ်ပိုင် စွမ်းရည်က သိသိသာသာ ပေါ်ထွက်လာတာပါ။ ဒါပေမဲ့ အသင်းဖော်တွေဆီက အခုလို ကူညီ ပံ့ပိုးမှုတွေ မရှိဘဲ သူဒီလောက် လုပ်ပြနိုင်မှာ မဟုတ်ဘူး”ဟု ရေးသားခဲ့သည်။

၎င်းက “တိုက်စစ်မှာ ဆွာရက်ဇ်အပြင် နေမာရှိတယ်။ ဘာစီလိုနာနဲ့ ဒုတိယရာသီ ဖြတ်သန်းခဲ့မှုက သူ့ကို အများကြီး အကူအညီ ဖြစ်စေခဲ့ပါတယ်။ မက်ဆီဟာ တစ်သင်းလုံးရဲ့ အထောက်အပံ့ ပေးမှုကို ရနေတယ်။ ရာကီတစ်ကြောင့် ကွင်းလယ်က ပိုတည်ငြိမ်လာတယ်။ အရင်က သီယာဂို အယ်လ်ကန်ထရာ ရှိခဲ့ပြီး ရှာဗီဟာနန်ဒက်ဇ်နဲ့ လိုသလို လဲသုံးနိုင်တယ်။ ပြီးတော့ ဆွာရက်ဇ်ရဲ့ တိုက်စစ်ဖန်တီးနိုင်စွမ်းက ဘာစီလိုနာအတွက် စွမ်းရည်ကောင်းတွေ ပေါင်းစပ်ပေးလိုက်ပါတယ်။ ပြီးတော့ ပက်ဒရို ရိုဒရီဂွတ်ဇ်နဲ့ နေမာတို့ကလည်း အနစ်နာခံ ကစားပေးတာကြောင့် မက်ဆီအတွက် ကောင်းကျိုးတွေ ပိုရနေပါတယ်”ဟုလည်း မှတ်ချက်ပြုသွားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment