Pages

Subscribe:

Wednesday, May 13, 2015

ဂါရတ်ဘေးလ်၏ အေးဂျင့်မှာ စကားများလွန်းသူဟု အန်ဆလော့တီ ဝေဖန်



ဂါရတ်ဘေးလ်၏ အေးဂျင့်မှာ စကားများလွန်းသူဟု အန်ဆလော့တီ ဝေဖန်
Written by  ဝေဘုန်းလူ

(မက်ဒရစ်)။ ။ အသင်းဖော်များက ဂါရတ်ဘေးလ်ကို ဘောလုံးပေးကစားခြင်း မရှိဟု ဝေဖန်ခဲ့သည့် အေးဂျင့်ဖြစ်သူမှာ စကားများလွန်းသူ
ဖြစ်ကြောင့်နှင့် နှုတ်ဆိတ်နေရန် ရီးယဲလ်မက်ဒရစ် နည်းပြ အန်ဆလော့တီက ပြောဆိုလိုက်သည်။

သက် ၂၅ နှစ်အရွယ်ရှိ ဝေးလ် လက်ရွေးစင် ဂါရတ်ဘေးလ်၏ အေးဂျင့် ဂျိုနသန်ဘားနတ်က ၎င်း၏ ကစားသမားမှာ ရီးယဲလ်အသင်းဖော်များ၏ အကူအညီအလုံအလောက် မရရှိဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။

"တစ်ခါတရံမှာ လူတွေက စကားတွေအများကြီး ပြောတတ်ကြပါတယ်။ ဘေးလ်ဟာ အသင်းဖော်တွေနဲ့ ဘယ်တုန်းကမှ ပြဿနာ မရှိသလို အသင်းဖော်တွေကလည်း ဘေးလ်နဲ့ ဘယ်တုန်းကမှ ပြဿနာ မရှိပါဘူး" ဟု အန်ဆလော့တီက ပြောသည်။

ဘေးလ်သည် ၂၀၁၃ တွင် စပါးအသင်းမှ ပေါင် ၈၅ ဒသမ ၃ သန်းဖြင့် ပြောင်းရွှေ့လာသည့် ကမ္ဘာ့ပြောင်းရွှေ့ကြေးအမြင့်မားဆုံး ကစားသမား ဖြစ်သည်။ ရီးယဲလ်အသင်းနှင့် ပွဲဦးထွက်ရာသီတွင် ၄၆ ပွဲကစား ၂၄ ဂိုးသွင်းပြီး ချန်ပီယံလိဂ်နှင့် ကိုပါဒယ်ရေး ဖလားရအောင် ကူညီပေးနိုင်ခဲ့သည်။

သို့သော် လက်ရှိရာသီတွင် ပရိသတ်အချို့၏လှောင်ပြောင်မှုအပြင် စပိန်မီဒီယာများ၏ အကြီးအကျယ် ဝေဖန်မှုနှင့်လည်း ရင်ဆိုင်နေရသူ ဖြစ်သည်။ လက်ရှိရာသီ ၄၄ ပွဲတွင် ၁၅ ဂိုးသွင်းထားသည့် ဘေးလ်သည် ပြီးခဲ့သည့်တစ်ပတ်က ဂျူဗင်တပ်နှင့်ကစားသည့်ပွဲတွင် ပိုမိုဝေဖန်ခံခဲ့ရသည်။

"ဘေးလ်ရဲ့ အေးဂျင့်က ကျွန်တော်တို့ရဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ ဘယ်တုန်းကမှ ပါဝင်တဲ့သူ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ အခြေအနေကို မသိဘဲ ပြင်ပကနေ ဝေဖန်နေတာပါ။ တိတ်တိတ်နေတာ ပိုကောင်းပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ဘေးလ်ရဲ့ခြေစွမ်းကို ကျေနပ်နေကြပါတယ်" ဟု အန်ဆလော့တီက ဖြည့်စွက်ပြောဆိုသည်။

REF : BBC

Mizzima

0 comments:

Post a Comment