Pages

Subscribe:

Wednesday, May 13, 2015

ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ယူ-၂၀အသင်းအတွက် နှစ်နှစ်အတွင်း ကုန်ကျစရိတ် ဒေါ်လာ သုံးသန်းကျော် သုံးစွဲထား



ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ယူ-၂၀အသင်းအတွက် နှစ်နှစ်အတွင်း ကုန်ကျစရိတ် ဒေါ်လာ သုံးသန်းကျော် သုံးစွဲထား
Written by  ရွှေဘုတ်

မေ ၁၃၊ ရန်ကုန်။        ။ ၂၀၁၅ အာရှချန်ပီယံရှစ် ယူ-၁၉ ဘောလုံးပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့၍ ဖီဖာယူ-၂၀ ကမ္ဘာ့ဖလား ၀င်ခွင့်ရ ထားသည့် မြန်မာ့ လက်ရွေးစင် ယူ-၂၀ အသင်း အတွက် အသင်းစတင် ဖွဲ့စည်းခဲ့သည့် ၂၀၁၃ခုနှစ်မှ ၂၀၁၅ အထိ ကုန်ကျစရိတ် ဒေါ်လာ သုံးသန်းကျော် သုံးစွဲ ထားသည် ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော် က ပြောသည်။

မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်းသည် နယူးဇီလန်ကမ္ဘာ့ဖလားအတွက် မေလ ၁၃ ရက် နေ့လည်တွင် သြစတြေးလျနိုင်ငံသို့ သွားရောက်ကာ လေ့ကျင့်မှု များပြုလုပ်မည် ဖြစ်ပြီး ထိုမှတဆင့် နယူးဇီလန်နိုင်ငံသို့ တိုက်ရိုက်သွားရောက်မည် ဖြစ်သည်။

မြန်မာ ယူ-၂၀ အသင်းအတွက် ကုန်ကျစရိတ်နှင့် ပတ်သက်၍ “ ကျွန်တော်တို့ လက်ရှိအထိ ယူ-၂၀ အသင်းအတွက် ဒေါ်လာ သုံးသန်းကျော်အထိ ကုန်ကျထား ပါတယ်။ ပြီးခဲ့တဲ့ ဥရောပခရီးစဉ်တွေ တူရကီခရီးစဉ်တွေ၊ ဟန်ဂေရီ၊ ဆာဘီးယား သွားတာတွေ သြစတြေးလျ၊ နယူးဇီလန်သွားဖို့တွေ အပြင် ၂၀၁၃ မြန်မာနေ ရှင်နယ်လိဂ်-၂ မှ စပြီး ကစားကတည်းက ကုန်ကျတာတွေရော အားလုံးပေါင်းပါ။ ကလပ်အသင်းတွေကလည်း ကလေးတွေအတွက် လစာငွေတွေ ပံ့ပိုးပေး ထားပါသေးတယ်။

ဒီအသုံးစရိတ်က များတယ်ဆိုပေမယ့် ကျွန်တော်တို့ မြတ်ပါတယ်။ သူများနိုင်ငံတွေဆို သန်းငါးဆယ် ခြောက်ဆယ်ကုန်ပြီး ဒီကမ္ဘာ့ဖလားအဆင့်ထိ မရောက်နိုင်သေးတာတွေ ရှိပါတယ် ” ဟု ဦးဇော်ဇော် က ပြောသည်။

မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်းကို ၂၀၁၃ ခုနှစ်မှ စတင်၍ ၁၉ နှစ်အောက် လူငယ်အသင်းအဖြစ်စတင် ဖွဲ့စည်းခဲ့ကာ မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲ၌ စတင်ယှဉ်ပြိုင်ကစားခဲ့ပြီး ၂၀၁၄ ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်ခဲ့သည့် အပြင် ၂၀၁၅ အာရှချန်ပီယံရှစ် ယူ-၁၉ ဘောလုံးပြိုင်ပွဲတွင် ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်နိုင်ခဲ့သည့်အတွက် နယူးဇီလန် ကမ္ဘာ့ဖလားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။

Mizzima

0 comments:

Post a Comment