Pages

Subscribe:

Tuesday, May 12, 2015

ဂျာမနီမြေမှာ နိုင်ပွဲပြန်ရှာဖို့ ကြိုးစားမယ့် ဘိုင်ယန်မြူးနစ်(ချန်ပီယံလိဂ်ဆီးမီးဖိုင်နယ် )



ဂျာမနီမြေမှာ နိုင်ပွဲပြန်ရှာဖို့ ကြိုးစားမယ့် ဘိုင်ယန်မြူးနစ်(ချန်ပီယံလိဂ်ဆီးမီးဖိုင်နယ် )

ချန်ပီယံလိဂ်သမိုင်းတလျှောက်မှာ အခက်ခဲဆုံး အလုပ်ကိုလုပ်နိုင်မှ ဗိုလ်လုပွဲတက်ဖို့မျှော်လင့်နိုင်မယ့် ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးဖြစ်လာတဲ့ ဘာစီလိုနာတို့ရဲ့ ဒုတိယအကျော့ပွဲစဉ်က ရောက်လာခဲ့ပြီဖြစ်ပါတယ်။ ဘာစီလိုနာဘက်ကို နည်းပြဂွါဒီယိုလာရဲ့ ဘိုင်ယန်မြူးနစ်အဖွဲ့သားတွေ အနည်းဆုံးသုံးဂိုးသွင်းနိုင်မှ နောက်တဆင့်တက်ဖို့ မျှော်လင့်နိုင်မှာဖြစ်ပါတယ်။ ပထမအကျော့တုန်းက မက်ဆီကိုမတားဆီးနိုင်ခဲ့လို့ ဘိုင်ယန်မြူးနစ် ဒုက္ခရောက်ခဲ့ရသလို အခု ဒုတိယအကျော့မှာလည်း မက်ဆီကို တားဆီးနိုင်ပါဦးမလားဆိုတာ စိတ်ဝင်စားစရာပါ။
ဘာစီလိုနာကို သုံးဂိုးပြတ်ရှုံးခဲ့ပြီးတဲ့နောက်မှာ အဝေးဂိုးလည်း မရခဲ့တဲ့အတွက် ဘိုင်ယန်မြူးနစ် နောက်တဆင့်တက်ဖို့ ဝေဝါးသွားပြီဆိုတာ အားလုံးသိပြီးသားဖြစ်ပါတယ်။ ပထအကျော့တုန်းက ဂွါဒီယိုလာရဲ့ ဘိုင်ယန်မြူးနစ်ဟာ ဘာစီလိုနာကို ချဉ်းကပ်တဲ့နည်းဗျူဟာ မှန်ကန်ခဲ့ပေမယ့် အမှားတစ်ချက်က စပြီး သုံးဂိုးအထိ ပေးလိုက်ရတာဖြစ်ပါတယ်။ နူးကမ့်မြေမှာတုန်းက ဘာစီလိုနာကို အနိုင်ယူဖို့ မလွယ်မှန်းသိတဲ့ ဂွါဒီယိုလာဟာ တစ်ယောက်ချင်းလူကပ်ကစားပုံမျိုးနဲ့ ချဉ်းကပ်ခဲ့ပြီး မက်ဆီထံဘောလုံးပေးပို့တဲ့ လမ်းကြောင်းတွေကိုဖြတ်တောက်ဖြစ်ခဲ့ပါတယ်။ ခံစစ်ကို ပေါ်ပေါ်ထင်ထင်ပဲ အသုံးချပြီး အဝေးကွင်း သရေယူဖို့ ဂွါဒီယိုလာ ကြိုးစားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဘိုင်ယန်မြူးနစ်တစ်ချက်အမှားကနေ မက်ဆီက ထင်မှတ်မထားတဲ့ အခြေအနေကြားထဲက အဖွင့်ဂိုးရအောင် သွင်းသွားနိုင်ခဲ့လို့ အချိန်တိုအတွင်း သုံးဂိုးအထိပေးလိုက်ရတာဖြစ်ပါတယ်။ အခု ဒုတိယအကျော့မှာတော့ တိုက်စစ်ကိုကောင်းကောင်းအသုံးချရမယ့် အသင်းက ဘိုင်ယန်မြူးနစ်ဖြစ်နေပါပြီ။
ဘိုင်ယန်မြူးနစ်ဟာ ချန်ပီယံလိဂ်မှာ ဒီလိုအခြေအနေကြုံနေရတာ နှစ်နှစ်ဆက်တိုက်ရှိနေပြီဖြစ်ပါတယ်။ ယမန်နှစ်ကလည်း ဘွန်ဒက်စ်လီဂါမှာစံချိန်တင်အမှတ်ပေးဖလားရပြီးချိန်ရောက်မှာ ဆီမီးဖိုင်နယ်မှာ ရီးရဲလ်မက်ဒစ်ကို နှစ်ကျော့လုံးရှုံးခဲ့ရပြန်ပါတယ်။ ဒီနှစ်မှာလည်း စပိန်ကလပ် ဘာစီလိုနာကိုကျော်ဖြတ်ဖို့ ခက်နေခဲ့ပြန်ပါပြီ။
၁၇ နှစ်အတွင်း အဆိုးရွားဆုံးတိုက်စစ်

ဘိုင်ယန်မြူးနစ်ဟာ ဒီရာသီမှာ ဖလားသုံးလုံးယူဖို့ မျှော်လင့်ခဲ့ပေမယ့် အဲဒီမျှော်လင့်ချက်ကို ဒေါ့မွန်ကို အရင်ချိုးဖြတ်ခဲ့တာဖြစ်ပါတယ်။ မကြာသေးခင် ပိုကယ်ဖလာမှာ ဒေါ့မွန်ကိုပင်နယ်တီနဲ့ရှုံးပြီး ဗိုလ်လုပွဲတက်ခွင့် ဝေးခဲ့ရပါတယ်။ အဲဒီနောက်ဘွန်ဒက်စ်လီဂါမှာလည်း လေဗာကူဆင်နဲ့ အော့ဘတ်တို့ကို နှစ်ပတ်ဆက်ရှုံးခဲ့ပြန်ပါတယ်။ ကြားရက်အတွင်းမှာ ဘာစီလိုနာကို သုံးဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ ပွဲလည်းရှိပါသေးတယ်။ လေးပွဲဆက်တိုက် ရှုံးနိမ့်မှုကို ကြုံတွေ့ခဲ့ရတာဖြစ်ပြီး လေးပွဲမှာ တစ်ဂိုးပဲ ပြန်သွင်းနိုင်ခဲ့ပါတယ်။ ၃၆၁ မိနစ်တိတိ ဂိုးပေါက်ပျောက်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်ဟာ ၁၇ နှစ်အတွင်းမှာ ဂိုးပေါက်ပျောက်မှု အချိန်အကြာဆုံးဖြစ်ခဲ့တယ်။
ဂွါဒီယိုလာကတော့ သူ့အသင်းသားတွေ ဒုတိယအကျော့မှာ အခွင့်အရေးရှိသေးတယ်လို့ ဆိုပါတယ်။ ကွာတားဖိုင်နယ်မှာတုန်းက ပေါ်တိုကို ပထမအကျော့ ၃-၁ နဲ့ရှုံးပြီးမှ ဒုတိယအကျော့မှာ ၆ ဂိုးပြန်သွင်းပြီး အနိုင်ယူထားတာကြောင့် ဘိုင်ယန်ကို ဘာစီလိုနာလျှော့တွက်လို့တော့ မဖြစ်ပါဘူး။ ရှက်တာဒိုးနက်ကို ပထမအကျော့တုန်းက ဂိုးမရှိသရေသာ ကစားနိုင်ခဲ့လို့ ဒုတိယအကျော့ရောက်မှာ ၇-၀ နဲ့ပြန်ပြီးအနိုင်ယူခဲ့တာ လည်း ဘိုင်ယန်မြူးနစ်ပဲဖြစ်ပါတယ်။ ဒါကြောင့် ဂိုးသာစောစောရခဲ့မယ်ဆိုရင် အိမ်ရှင်ဘိုင်ယန်မြူးနစ် အတွက် မျှော်လင့်ချက်ရှိလာနိုင်ပါသေးတယ်။
ပထမအကျော့မှာ သုံးဂိုးနဲ့အထက်ရှုံးနိမ့်ပြီး ဒုတိယအကျော့မှာ ပြန်ပြီးအနိုင်ယူဖူးတဲ့အဖြစ်က ချန်ပီယံလိဂ် သမိုင်းမှာ တစ်ကြိမ်ပဲရှိဖူးပါတယ်။ ဒီပို့ဒီပိုက အေစီမီလန်ကို ပထအကျော့မှာ ၄-၁ နဲ့ရှုံးပြီး ဒုတိယအကျော့မှာ ၄-၀ ဂိုးနဲ့ ပြန်လည်အနိုင်ယူခဲ့ဖူးတာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်က ဒုတိယအသင်းဖြစ်လာမလား ဆိုတာ စိတ်ဝင်စားစရာပါ။
ဘာစီလိုနာအသင်းသားတွေကတော့ စိတ်ဓါတ်က အမြင့်ဆုံးကိုရောက်နေဦးမှာပါ။ ရီးရဲလ်မက်ဒရစ် သရေကျသွားခဲ့လို့ လာလီဂါဖလားရဖို့ကလည်း သေချာသွားပါပြီ။ ချန်ပီယံလိဂ်ပဲ အာရုံစိုက်စရ ရှိပါတော့တယ်။
ဒဏ်ရာရပွဲပယ်
ရီဘာရီနဲ့ ရော်ဘင်တို့နှစ်ဦးလုံး ဒဏ်ရာမပျောက်သေးလို့ ဒီပွဲလည်း လွဲဦးမှာဖြစ်ပါတယ်။ နောက်ထက် ဒဏ်ရာရ ကစားသမားတွေကတော့ အယ်လာဘာ၊ ရိုဒီ၊ ဘက်စတူဘာတို့ ဖြစ်ပါတယ်။ ဘိုင်ယန်ပွဲထွက်စာရင်းမှာ ဂေါ့ဇီပွဲထွက်လာနိုင်ပါတယ်။
ဘာစီလိုနာဘက်မှာတော့ ဒဏ်ရာကစားသမားမရှိပဲ ဒဏ်ရာကပြန်ကောင်းလာသူပဲရှိပါတယ်။ မက်သရူး ဒဏ်ရာပြန်ကောင်းလာပြီဖြစ်ပါတယ်။ ဘာစီလိုနာနည်းပြ အင်းနရစ်ကတော့ ပထမအကျော့ကအတိုင်း ပွဲထွက်လာဖို့ ရှိပါတယ်။
သိထားရမည့် အချက်များ
ဘိုင်ယန်မြူးနစ်ဟာ ချန်ပီယံလိဂ်ဆီးမီးဖိုင်နယ်ကို ရောက်ခဲ့တဲ့ နောက်ဆုံးငါးကြိမ်မှာ တစ်ကြိမ်ပဲရှုံးပြီး လေးကြိမ်ကို ဗိုလ်လုပွဲတက်နိုင်ခဲ့ပါတယ်။
ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ် နှစ်နှစ်ဆက်တိုက် တစ်ခါမှ မရှုံးနိမ့်ခဲ့ဖူးပါဘူး။
ဘိုင်ယန်ဂိုးသမားနူအာ လက်စွမ်းကျနေပါတယ်။ ချန်ပီယံလိဂ်မှာ ပြိုင်ဘက်က ဂိုးပေါက် ၁၇ ကြိမ်ကန်ရာမှာ ၉ ဂိုးရထားပါတယ်။ ဂိုးပေါက်ကို နှစ်ကြိမ်ကန်ရင် တစ်ဂိုးနှုန်းလောက် ဘိုင်ယန်ပေးနေရပါတယ်။
သုံးသပ်ချက်
နည်းစနစ်ကြွယ်ဝတဲ့ ဂွါဒီိယိုလာကို လျှော့တွက်လို့တော့မရပါဘူး။ ဆွာရက်ဇ်၊ မက်ဆီ၊ နေမာတို့တိုက်စစ်အားနဲ့ ဘာစီလိုနာ ဂိုးရအောင်ကြိုးစားလာပါလိမ့်ဦးမယ်။ အပြန်အလှန်တိုက်စစ်ဆင်ကြပါလိမ့်မယ်။ ဘိုင်ယန်မြူးနစ် ဒီပွဲကိုတော့ မရှုံးနိုင်ပါဘူး။ ဘိုင်ယန်မြူးနစ် ဗိုလ်လုပွဲရောက်ဖို့ဆိုရင်တော့ အမှားကင်းတဲ့ခြေစွမ်းအပြင် ကံတရားဖေးမမှုပါ လိုပါလိမ့်မယ်။ တစ်ဖက်တစ်ဂိုးစီသရေပွဲဖြစ်နိုင်ပါတယ်။ ဘိုင်ယန်အတွက် နိုင်ပွဲလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် နောက်တဆင့်တက်မှာကတော့ ဘာစီလိုနာပါပဲ။

Soccer Myanmar

0 comments:

Post a Comment