Pages

Subscribe:

Tuesday, May 12, 2015

ဆွမ်ဆီးကို အရေးနိမ့်ခဲ့သည့် ရလဒ်အတွက် စိတ်ပျက်မိကြောင်း ဝင်းဂါးဝန်ခံ



ဆွမ်ဆီးကို အရေးနိမ့်ခဲ့သည့် ရလဒ်အတွက် စိတ်ပျက်မိကြောင်း ဝင်းဂါးဝန်ခံ

ဆွမ်ဆီးစီးတီးကို အရေးနိမ့်ခဲ့သည့် ရလဒ်အတွက် စိတ်အနှောင့်အယှက် ဖြစ်မိကြောင်း အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက ဖွင့်ဟ ပြောကြားခဲ့သည်။

အာဆင်နယ်သည် ဒုတိယပိုင်းတွင် ပြိုင်ဘက်အပေါ် သိသိသာသာ လွှမ်းမိုး အသာစီးယူ ကစားခဲ့သော်လည်း အသင်း၏ ဂိုးသမားဟောင်း ဖြစ်ခဲ့သူ လူးကက်ဇ် ဖေဘီယန်စကီး၏ လက်စွမ်းပြမှုကို မကျော်လွှားနိုင်ခဲ့ချေ။ ပွဲပြီးခါနီးတွင် ဆွမ်ဆီး တိုက်စစ်မှူး ဘာဖီတမ်ဘီ ဂိုမစ်၏ ခေါင်းတိုက်ဂိုးဖြင့် မန်နေဂျာ ဂယ်ရီမွန့်ခ်၏ အသင်းက သုံးမှတ်အပြည့် ရယူသွားခဲ့သည်။ ယခုပွဲတွင် အာဆင်နယ် အရေးနိမ့်သွားသော်လည်း တနင်္ဂနွေနေ့တွင် မန်ချက်စတာ ယူနိုက်တက်နှင့် ရင်ဆိုင်ရာ၌ အပေါင်းလက္ခဏာဆန်သော ရလဒ်မျိုး ထွက်ပေါ်လာမည်ဟုလည်း ဝင်းဂါးက မျှော်လင့်နေသည်။

“စိတ်ပျက်စရာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဂိုးပေးရဖို့ ဘာခြိမ်းခြောက်မှုမှ မရှိသလောက်နီးပါး စီးထားနိုင်တဲ့ ပွဲတစ်ပွဲကို ရှုံးသွားတာကြောင့်ပါ”ဟု ဝင်းဂါးက ဆိုသည်။ ၎င်းက “အဆုံးသတ်ပိုင်းမှာ ပိုကောင်းလာနိုင်မလား ဆိုတာက မေးခွန်းထုတ်စရာပါ။ ကျွန်တော်တို့ ပေးလိုက်ရတဲ့ ဂိုးက နည်းနည်း ကံမကောင်းလို့ပါ။ ဒါပေမဲ့ ကိုယ့်အမှားကြောင့်လည်း ပါပါတယ်။ ခြုံကြည့်ရင်တော့ စိတ်ပျက်စရာပါ။ ဒါပေမဲ့ အပေါင်းလက္ခဏာဆန်တာတွေ အများကြီးလည်း ရှိခဲ့ပါတယ်။ ကံမကောင်းတာက ဒီလိုပွဲမျိုးမှာ ကိုယ့်ဘက်က (၁၉)ဆလောက် အနိုင်ရဖို့ ရှိနေပြီး ရှုံးဖို့ (၁)ဆလောက် ရှိနေရင် အဲဒီ(၁)ဆက လက်တွေ့ ဖြစ်သွားတယ် ဆိုတာပါပဲ”ဟုလည်း ဖွင့်ဟခဲ့သည်။

ဝင်းဂါးက “ကစားသမားတွေလည်း ခုရလဒ်ကို စိတ်ပျက်နေပါတယ်။ ဒါပေမဲ့ တနင်္ဂနွေနေ့မှာတော့ ကျွန်တော်တို့ရဲ့ အင်ဂျင်ကို အပြည့်အဝ ပြန်အလုပ်လုပ်နိုင်မှာပါ။ အဲဒါက တကယ် အရေးကြီးတဲ့ ပွဲတစ်ပွဲလေ”ဟုလည်း ဆိုသည်။ ဆွမ်ဆီး ဂိုးသမား ဖေဘီယန်စကီးသည် ၎င်း၏ ပထမဆုံးအကြိမ် အမ်းမရိတ်စ် အပြန်ခရီးတွင် ဆန်တီကာဇိုလာ၊ အလက်ဆစ်ဆန်းချက်ဇ်၊ သီအိုဝဲလ်ကော့တို့၏ အပိုင်အခွင့်အရေးများကို ကာကွယ်သွားခဲ့သည်။ ယင်းနှင့် ပတ်သက်၍ ပြင်သစ်သား မန်နေဂျာကြီးက “ဖေဘီယန်စကီးက တကယ့်ကို အကောင်းဆုံး စွမ်းဆောင်ပြသွားခဲ့ပါတယ်။ ဒါပေမဲ့ တစ်ဖက်ကကြည့်ရင် ကျွန်တော်တို့ဘက်က အဆုံးသတ်ပိုင်းတွေကလည်း သူ့အတွက် အလွယ်တကူ ကာကွယ်နိုင်ဖို့ ဖြစ်နေတယ်လေ”ဟု မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment