Pages

Subscribe:

Monday, May 11, 2015

အင်္ဂလန် လက်ရွေးစင်အဖြစ် ယန်းပြန်လည် အရွေးခံရမည်ဟု စမောလင်း ယုံကြည်နေ



အင်္ဂလန် လက်ရွေးစင်အဖြစ် ယန်းပြန်လည် အရွေးခံရမည်ဟု စမောလင်း ယုံကြည်နေ

အက်ရှ်လေယန်း အနေဖြင့် အင်္ဂလန် လက်ရွေးစင် အသင်းတွင် ပြန်လည် ရွေးချယ်ခြင်း ခံရမည်ဟု ယုံကြည်ကြောင်း မန်ချက်စတာ ယူနိုက်တက် အသင်းဖော် ခရစ်စမောလင်းက မှတ်ချက်ပြု ပြောကြားလိုက်သည်။

ယူနိုက်တက်သည် အဝေးကွင်းတွင် ခရစ္စတယ်လ် ပဲလေ့စ်ကို (၂-၁)ဖြင့် အနိုင်ရခဲ့ပြီးနောက် လာမည့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အမှတ်ပေးဇယား ထိပ်ဆုံး(၄)သင်းတွင် ပါဝင်နိုင်ရန် သေချာသလောက် ဖြစ်လာခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် အင်္ဂလန် တောင်ပံသမား ယန်းက ယူနိုက်တက်အတွက် သွင်းဂိုးနှစ်ဂိုးလုံးကို ဖန်တီးပေးခဲ့သည်။ ယန်းသည် အင်္ဂလန် လက်ရွေးစင် အသင်းနှင့် ကာလရှည်ကြာ ဝေးကွာနေသော်လည်း ယခုရာသီ ပြသခဲ့သည့် ပုံစံကောင်းများကြောင့် မန်နေဂျာ ရွိုင်ဟော့ဂ်ဆန်က တစ်ကျော့ပြန် ခေါ်ယူလိမ့်မည်ဟု စမောလင်းက ယူဆလျက် ရှိသည်။

“လက်ရှိ အနေအထားဟာ အောင်မြင်မှုလို့တော့ မဆိုနိုင်ပါဘူး။ ဒါပေမဲ့ ဒါဟာ ယူနိုက်တက်အတွက် အစပဲ ဖြစ်ပါလိမ့်မယ်။ ဒီရာသီ အဆင့်(၄)နဲ့ ရာသီသိမ်းနိုင်ခဲ့ရင် ကောင်းမွန်တဲ့ ဖြတ်သန်းမှု တစ်ခုလို့ ဆိုရပါမယ်။ ကျွန်တော်တို့ အနေနဲ့ ရာသီအစပိုင်းမှာ အားနည်းခဲ့သလို ရာသီသိမ်းကာလ ပွဲစဉ်တချို့မှာလည်း အကောင်းဆုံး မလုပ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ အသင်းရဲ့ စိတ်ဓာတ်ကို ပြသနိုင်ခဲ့တယ်။ လာမယ့် လက်ကျန်နှစ်ပွဲမှာ ရလဒ် အကောင်းဆုံး ထွက်ပေါ်ဖို့တော့ ကြိုးစားသွားပါမယ်”ဟု စမောလင်းက ဆိုသည်။

ယန်းနှင့် ပတ်သက်ပြီးမူ စမောလင်းက “ဒီရာသီ သူရဲ့ ခြေစွမ်းမျိုးက လူတိုင်း လိုလားတဲ့ အနေအထားပါ။ ယန်းက အကောင်းဆုံး လုပ်ပြနိုင်ခဲ့ပါတယ်။ သူက ပြိုင်ဘက်နဲ့ ထိပ်တိုက် ရင်ဆိုင်တွေ့ပြီ ဆိုတာနဲ့ သူက ကျော်ဖြတ်ပြီးသားပဲ။ ယန်းဟာ ပြီးခဲ့တဲ့ သီတင်းပတ် တချို့မှာ တကယ့်ကို အခြိမ်းခြောက်နိုင်ဆုံး ကစားသမားတစ်ယောက် ဖြစ်လာပါတယ်။ မန်နေဂျာကလည်း သူ့အပေါ် ယုံကြည်မှု ပြသခဲ့တယ်။ ယန်းအနေနဲ့ မျှော်မှန်းမထားတာတွေ လုပ်ပြနိုင်စွမ်း ရှိနေပါတယ်။ အင်္ဂလန် လက်ရွေးစင် အသင်းဟာ ဒီလို ကစားသမားမျိုးတွေအတွက် အမြဲတမ်း တံခါးဖွင့်ထားမှာပါ။ လက်ရွေးစင် အသင်းမှာ သူပြန်ပါလာဖို့ မဝေးတော့ဘူးလို့ ထင်ပါတယ်”ဟု မှတ်ချက်ပြု ပြောဆိုသွားသည်။

Soccer Myanmar

0 comments:

Post a Comment