Pages

Subscribe:

Wednesday, May 13, 2015

ဖလားသုံးလုံး မျှော်လင့်ချက်အတွက် အပြည့်အဝ အာရုံစိုက်ထားကြောင်း ဘာစီလိုနာနည်းပြ ပြောကြား



ဖလားသုံးလုံး မျှော်လင့်ချက်အတွက် အပြည့်အဝ အာရုံစိုက်ထားကြောင်း ဘာစီလိုနာနည်းပြ ပြောကြား

ဘာစီလိုနာ အနေဖြင့် တစ်ရာသီအတွင်း ဖလားသုံးလုံး ဆွတ်ခူးရယူရေး မျှော်လင့်ချက်အပေါ် အပြည့်အဝ အာရုံစိုက်ထားကြောင်း နည်းပြ လူးဝစ်အန်ရီကေးက ပြောကြားလိုက်သည်။

ဘာစီလိုနာသည် ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ ဒုတိယအကျော့တွင် ဂျာမန်မြေ၌ ဘိုင်ယန်မြူးနစ်ကို (၃-၂)ဖြင့် အရေးနိမ့်သော်လည်း နှစ်ကျော့ပေါင်းရလဒ် (၅-၃)ဖြင့် ဗိုလ်လုပွဲ တက်ရောက်သွားခဲ့သည်။ (၂၀၁၁)ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဗိုလ်လုပွဲ ပြန်လည် ရောက်ရှိလာသည့် အသင်းကို အန်ရီကေးက ချီးကျူးခဲ့ပြီး အဆိုပါ ဆုဖလားအပြင် ပြည်တွင်း ပြိုင်ပွဲများဖြစ်သည့် လာလီဂါနှင့် ကိုပါဒယ်လ်ရေးတို့ပါ ချန်ပီယံဆု ဆွတ်ခူးနိုင်ရန် မျှော်မှန်းထားကြောင်း ဆိုသည်။

“ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်လာခြင်းဟာ တကယ်ကောင်းမွန်တဲ့ လုပ်ဆောင်မှုပါ။ ကျွန်တော့် အသင်းသားတွေရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်ပါတယ်။ သူတို့ဟာ အခုလို အောင်မြင်မှုနဲ့ ထိုက်တန်ပြီး ဒီပျော်ရွှင်မှုတွေကို ခံစားထိုက်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ဟာ ပြိုင်ပွဲ သုံးရပ်စလုံးမှာ ချန်ပီယံဖြစ်ဖို့ ပြိုင်ပွဲတစ်ခုကို တစ်ပွဲစီ အနိုင်ရဖို့ပဲ လိုပါတော့တယ်။ ဖလားသုံးလုံး ဆွတ်ခူးရေးဟာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ဖြစ်လာပါပြီ”ဟု အန်ရီကေးက ပြောကြားခဲ့သည်။ အန်ရီကေးက ဂျာမန်မြေတွင် ဂျာမနီကို ရင်ဆိုင် ကစားရသည်မှာ ခက်ခဲမှန်း ကြိုတင် သဘောပေါက်ထားကြောင်းလည်း ဖွင့်ဟခဲ့သည်။

“ပထမအကျော့တုန်းက ကျွန်တော်တို့ ရလဒ်ကောင်းထားတယ်။ ဒီတော့ ဒုတိယအကျော့မှာ ဘိုင်ယန်က ပိုပြီး အားထည့်လာမှာပဲ။ ဒီပွဲမှာ ဒုတိယပိုင်း ပုံစံက အပြောင်းအလဲတွေ ဖြစ်လာတယ်။ သူတို့က ကျွန်တော်တို့ဘက်ကို ပိုပြီး တိုက်စစ်ဖွင့်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဗိုလ်လုပွဲ ရောက်လာပါပြီ။ ပါဝင်ယှဉ်ပြိုင်သမျှ ပြိုင်ပွဲတိုင်းမှာ ဆုဖလား ဆွတ်ခူးဖို့ ကျွန်တော်တို့ အနီးစပ်ဆုံး ဖြစ်နေပါပြီ။ ဒါကိုက ဘာစီလိုနာရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက် အစိတ်အပိုင်း တစ်ရပ်ပါပဲ”ဟုလည်း ပြောဆိုသွားသည်။

Soccer Myanmar

0 comments:

Post a Comment