Pages

Subscribe:

Sunday, May 10, 2015

လက်ရွေးစင်အသင်းအတွက် မကစားလိုသော ကစားသမားများ ကလပ်အသင်းများတွင် ကစားခွင့်ရမည်မဟုတ်



လက်ရွေးစင်အသင်းအတွက် မကစားလိုသော ကစားသမားများ ကလပ်အသင်းများတွင် ကစားခွင့်ရမည်မဟုတ်
Written by  သောကြာ

မေ ၉၊ ရန်ကုန်။        ။ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းကြီးတွင် မကစားလိုသော ဘောလုံးကစားသမားများအနေဖြင့် မည်သည့်နေရှင်နယ် လိဂ်ကလပ် အသင်းတွင်မှ ကစားခွင့်ရရှိမည်မဟုတ်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က မေ ၉ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်း ပွဲ၌ပြောခဲ့ သည်။

၂၀၁၈ ဖီဖာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၀င်ကစားရန် ပြင်ဆင်နေသော လက်ရွေးစင် အမျိုးသားဘောလုံးအသင်းကြီးသည် မေ ၂ ဟံသာဝတီယူနိုက်တက် အသင်းနှင့်ခြေစမ်းကစားခဲ့ရာ ၁-၀ ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည်။ အဆိုပါပွဲတွင် ကစားသမားအချို့သည်အာရုံစူးစိုက်မှု လျော့နည်းခဲ့သဖြင့်လက်ရွေးစင် အသင်းနည်းပြ မိုဗစ်က အသင်းတွင် ကစားလိုပါက ပွင့်ပွင့်လင်းလင်း ပြောနိုင်သည်ဟု သတိပေးစကားပြောခဲ့သည်။

ထို့နောက်တွင်မူ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ကစားသမားများကို ယခုကဲ့သို့ ထပ်မံသတိပေးပြောခဲ့ခြင်းဖြစ်သည်။ ' လွန်လွန်ကျူးကျူးနဲ့ နိုင်ငံ့ ဂုဏ်သိက္ခာကျအောင် စည်းကမ်းဖောက်ဖျက်တဲ့ ကစားသမားအားလုံးကို မည်သည့်နေရှင်နယ် ကလပ်အသင်းမှာမှ ထည့်ကစားခွင့်ပြုမှာ မဟုတ်ပါဘူး။

သိပ်တော်လို့ နိုင်ငံတကာမှာသွားကစားရင် ကျွန်တော်တို့ ခွင့်ပြုရင်ပြုပါမယ်။ အဲဒီသိပ်တော်နေတဲ့ ကစားသမားကိုလဲ စည်းကမ်းရှိအောင်ခေါ်ပြီး နိုင်ငံအတွက် အကျိုးရှိအောင်ကျွန်တော်တို့ လုပ်သွားမှာပါ။ ပြောချင်တာကတော့အားလုံးစည်းကမ်းကောင်းပြီး ကိုယ့်ကြောင့် ကိုယ့်အသင်းပျက်စီးတာ ၊ကိုယ့်ကြောင့်အသင်း လိုက်ကစားပုံ ပျက်တာ၊ နိုင်ငံသိက္ခာကျတာမျိုးမဖြစ်အောင် ကိုယ်ပိုင်ခံစားချက်ကို ဦးစားမပေးဘဲ အသင်းကို မဖျက်စီးပါနဲ့လို့ ကစားသမားတွေ ကို မေတ္တာရပ် ခံပါတယ်'ဟု ဦးဇော်ဇော်က ပြောသည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် ၂၀၁၈ ဖီဖာကမ္ဘာ့ဖလားခြေစစ်ပွဲ၊ အာရှဇုန် ဒုတိယအဆင့် အုပ်စု(G) တွင် တောင်ကိုရီးယား၊ ကူဝိတ်၊လက်ဘနွန်နှင့် လာအိုအသင်းတို့နှင့် တစ်အုပ်စုထဲ ကျနေသည်။ မြန်မာအသင်းသည် ကမ္ဘာ့ဖလား ခြေစစ်ပွဲမတိုင်ခင် တရုတ်နိုင်ငံသို့ သွားရောက်လေ့ကျင့်မည်ဖြစ်ပြီး အာဆီ ယံဒေသတွင်း အသင်းများနှင့်လည်း ခြေစမ်းကစားရန် စီစဉ်ထားသည်။

Mizzima

0 comments:

Post a Comment