Pages

Subscribe:

Monday, May 11, 2015

ပြစ်ဒဏ်ဘောမှတစ်ဆင့် ယူနိုက်တက်အတွက် ဂိုးများသွင်းပေးရန် ဒီပေးမျှော်လင့်



ပြစ်ဒဏ်ဘောမှတစ်ဆင့် ယူနိုက်တက်အတွက် ဂိုးများသွင်းပေးရန် ဒီပေးမျှော်လင့်

မိမိရောက်ရှိလာချိန်တွင် မန်ချက်စတာ ယူနိုက်တက် အနေဖြင့် အလွတ်တည်ကန်ဘောများမှ ဂိုးများ ပိုမိုရရှိရန် မျှော်လင့်လာနိုင်မည်ဟု မမ်းဖစ်ဒီပေးက ပြောကြားလိုက်သည်။

အသက်(၂၁)နှစ်ရှိ နယ်သာလန် လက်ရွေးစင် တောင်ပံတိုက်စစ်မှူးသည် PSV အင်ဒိုဗန်မှ ယူနိုက်တက်သို့ ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိထားပြီး ဖြစ်သည်။ ယခုရာသီ နယ်သာလန် လိဂ်ချန်ပီယံ ဖြစ်ခဲ့သည့် PSV၏ နောက်ဆုံး အိမ်ကွင်းပွဲစဉ်အဖြစ် ဟီရက်ကဲလ်စ်နှင့် ယှဉ်ပြိုင်ရာတွင် ဒီပေးသည် (၃၅)ကိုက် အကွာမှ ပြစ်ဒဏ်ဘောကို ကန်သွင်းယူခဲ့သည်။ ၎င်းက မိမိသည် နေ့စဉ်နေ့တိုင်း ပြစ်ဒဏ်ဘော ကန်သွင်းမှု နည်းစနစ်ပိုင်း ပိုမိုကောင်းမွန်အောင် လေ့ကျင့်နေကြောင်းလည်း ဆိုသည်။

ပေါင်စတာလင် (၂၃)သန်း ဝန်းကျင်ဖြင့် ယူနိုက်တက်သို့ ကူးပြောင်းရန် သဘောတူညီမှု ရရှိထားသည့် ဒီပေးက “ကျွန်တော်က နေ့တိုင်း ပြစ်ဒဏ်ဘော အကန်ကျင့်နေတာပါ။ ယူနိုက်တက် ပရိသတ်တွေက အဲဒီကဏ္ဍမှာ ကျွန်တော့်ဆီက တစ်ခုခု မျှော်လင့်ထားလို့ ရပါလိမ့်မယ်။ ကျွန်တော်ကတော့ ပြစ်ဒဏ်ဘောကန်ဖို့ အခွင့်အရေး ရလာရင် တာဝန်ယူပြီး ကန်မှာပါပဲ”ဟု ဖွင့်ဟခဲ့သည်။ ဒီပေးသည် မြန်နှုန်းမြင့်မြင့် ပြေးအားမျိုးဖြင့် ပြိုင်ဘက်ခံစစ်ကြောင်းကို တိုးဝင် ထိုးဖောက်လေ့ရှိရာ အာယန်ရော်ဘန်၊ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ကဲ့သို့ ကစားသမားများနှင့် နှိုင်းယှဉ်ခံရလေ့ ရှိသည်။

၎င်းက “လူတွေ ကျွန်တော့်အကြောင်း ပြောဆိုနေတာကို ပြန်ကြားပါတယ်။ ကျွန်တော်ကလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့် ရှိပြီးသားပါ။ တကယ့်ထိပ်တန်း အဆင့်အတန်းမျိုး ရောက်တဲ့ထိ ကျွန်တော့် ခြေစွမ်း တိုးတက်လာမယ်လို့ ယုံကြည်ပါတယ်”ဟု ဖွင့်ဟခဲ့သည်။ ဒီပေးက ၎င်းကို PSGက ချဉ်းကပ်ခဲ့သော်လည်း ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်ကြောင့် အင်္ဂလန်ကလပ်ကို ရွေးချယ်ဖြစ်ခဲ့ခြင်းဟုလည်း ဆိုသည်။ ဗန်ဂါးလ်သည် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် နယ်သာလန် အသင်းကို ကိုင်တွယ်စဉ်က ဒီပေးကို နေရာပေး အသုံးပြုခဲ့ဖူးသည်။

ဒီပေးက “ကျွန်တော်က PSGကိုပြောင်းဖို့ တကယ့်ကို နီးနီးစပ်စပ် ဖြစ်ခဲ့တာပါ။ ယူနိုက်တက်က ကျွန်တော့်ကို စိတ်ဝင်စားမှန်း သိထားပါတယ်။ ဒါပေမဲ့ ခိုင်ခိုင်မာမာ ဘယ်တုန်းကမှ မချဉ်းကပ်ခဲ့ဘူး။ ဒါပေမဲ့ နောက်ဆုံး အချိန်ပိုင်းမှာ ကျွန်တော့် ကိုယ်စားလှယ် အဖွဲ့ဆီ ဖုန်းခေါ်လာတယ်။ အဲဒီနောက်မှာတော့ နည်းပြ ဗန်ဂါးလ်နဲ့ ကျွန်တော် သေချာပေါက် စကားပြောဖြစ်တာပေါ့။ ဒါဟာ ခက်ခဲတဲ့ အနေအထားပါ။ ကျွန်တော် ဒီလိုပဲ ပြောပါရစေ။ ဒါပေမဲ့ ဗန်ဂါးလ်နဲ့ စကားပြောပြီးတဲ့နောက် ကိုယ့်ကိုယ်ကိုယ် သေချာပေါက် သိသွားတယ်။ ယူနိုက်တက်ကို ကျွန်တော် သွားချင်တယ် ဆိုတာကိုပါ”ဟု ဖွင့်ဟခဲ့သည်။

၎င်းက “ကျွန်တော် တကယ်ပဲ ဂုဏ်ယူပါတယ်။ ယူနိုက်တက်မှာ ကျွန်တော်က ကစားသမားကောင်းတစ်ယောက် ဖြစ်လာဖို့ ယုံကြည်မှု ရှိပါတယ်။ အသင်းအတွက် ကျွန်တော် အစွမ်းရှိသမျှ အားလုံး ပေးဆပ်သွားမှာပါ”ဟုလည်း ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment