Pages

Subscribe:

Thursday, May 14, 2015

အဆုံးသတ် ဂိုးသွင်းစွမ်းရည် အပိုင်းတွင် အားနည်းချက်များ ရှိနေဟု ဘေးလ်ဝန်ခံ



အဆုံးသတ် ဂိုးသွင်းစွမ်းရည် အပိုင်းတွင် အားနည်းချက်များ ရှိနေဟု ဘေးလ်ဝန်ခံ

မိမိအနေဖြင့် အဆုံးသတ် ဂိုးသွင်းစွမ်းရည် ပိုမိုကောင်းမွန်အောင် ကြိုးစား ပြင်ဆင်ရမည်ဟု ရီးယဲလ်မက်ဒရစ် တောင်ပံတိုက်စစ်သမား ဂါရတ်သ်ဘေးလ်က ဝန်ခံ ပြောကြားလိုက်သည်။

ပြီးခဲ့သည့် ပွဲစဉ်အချို့တွင် ပုံမှန်ခြေစွမ်း ပျောက်နေသဖြင့် ဝေဖန်မှုများ ကြုံနေရသည့် ဝေလ လက်ရွေးစင်သည် ဘာနေဗျူးတွင် ဂျူဗင်းတပ်စ်နှင့် သရေကျသည့် ချန်ပီယံလိဂ် ပွဲစဉ်၌ ၎င်း၏ အဆုံးသတ်ပိုင်း လွဲချော်မှုများကြောင့် ဖိအားပိုများလာသည်။ အဆိုပါပွဲစဉ် အနိုင်မရမှုကြောင့် ရီးယဲလ်သည် ချန်ပီယံလိဂ်မှ ကျောခိုင်း ထွက်ခွာသွားရပြီ ဖြစ်သည်။ ဘေးလ်သည် အခွင့်အရေးအချို့ ရရှိခဲ့သော်လည်း ဂျူဗင်းတပ်စ် ဂိုးသမား ဂီယန်လူဂီ ဘူဖွန်ကို ကျော်ဖြတ်နိုင်စွမ်း မရှိခဲ့ချေ။

လက်ရှိ ကမ္ဘာ့ပြောင်းရွှေ့ကြေး အမြင့်ဆုံး စံချိန်ရှင်အဖြစ် ရပ်တည်နေသည့် ကစားသမားက “ကျွန်တော်က ဒီရာသီမှာ အခွင့်အရေးတွေ ရသလောက် ဂိုးတွေတော့ မသွင်းနိုင်ဘူး ဖြစ်နေတယ်။ ကျွန်တော့် ပုံမှန်ကစားပုံကတော့ ကောင်းမွန်တယ်လို့ ခံစားမိပါတယ်။ ဒါပေမဲ့ ဒီရာသီမှာ ကျွန်တော့် အဆုံးသတ်ပုံတွေက နည်းနည်း အကြမ်းထည် ဆန်နေတယ်။ နောက်ရာသီမှာ ကြိုးစား မြှင့်တင်ရမှာက အဲဒီအပိုင်းလည်း ပါတယ်။ ဂျူဗင်းတပ်စ်ဘက်ကို ဂိုးမသွင်းနိုင်ခဲ့တာကတော့ ကံမကောင်းတာပါ။ ကျွန်တော်ကတော့ တစ်ကြိမ်လွဲတိုင်း နောက်တစ်ကြိမ်အတွက် ပိုအားထည့်ပါတယ်။ ဒါပေမဲ့ ဂိုးတစ်ဂိုးမှ မရခဲ့ဘူး”ဟု ဖွင့်ဟခဲ့သည်။

၎င်းက “အဝေးတိုင်ဘက် ခေါင်းတိုက်တဲ့ တစ်လုံးကတော့ စိတ်ပျက်စရာ အကောင်းဆုံး လွဲချော်မှုလို့ ထင်ပါတယ်။ ကျွန်တော်က ဘောလုံးရဲ့ အပေါ်စီး အနေအထားကို မရလိုက်ဘူး။ တကယ့်ကို စိတ်ပျက်စရာ ကိစ္စပါ။ ဒါပေမဲ့ ဘောလုံးမှာ ဒါမျိုးတွေက ဖြစ်တတ်ပါတယ်။ အကောင်းဆုံး ရှေ့ဆက်ဖို့ပဲ စဉ်းစားရပါမယ်”ဟုလည်း ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment