Pages

Subscribe:

Wednesday, May 13, 2015

ဘာနေဗျူးဆိုပေမယ့် ဂျူဗင်တပ်ကို ရီးရဲလ်မက်ဒရစ် တားဆီးနိုင်ပါ့မလား (ချန်ပီယံလိဂ်ဆီးမီးဖိုင်နယ်ပွဲကြို)



ဘာနေဗျူးဆိုပေမယ့် ဂျူဗင်တပ်ကို ရီးရဲလ်မက်ဒရစ် တားဆီးနိုင်ပါ့မလား (ချန်ပီယံလိဂ်ဆီးမီးဖိုင်နယ်ပွဲကြို)

နည်းပြလောကမှာ နည်းစနစ်ကြွယ်ဝလွန်းသူအဖြစ်နာမည်ကြီးတဲ့ ကာလိုအန်ဆလော့တီဟာ ရီးရဲလ်မက်ဒရစ်ကို ဦးဆောင်ပြီးဒီနေ့ညမှာ ဂျူဗင်တပ်ကို ရင်ဆိုင်ရပါတော့မယ်။ ဗိုလ်လုပွဲတက်ချင်တယ် ဆိုရင်တော့ ရီးရဲလ်မက်ဒရစ်က ဂျူဗင်တပ်ကိုအနိုင်ကစားရမှာဖြစ်သလို ဂျူဗင်တပ်ကလည်း အနည်းဆုံး သရေကစားဖို့ လိုအပ်နေပါတယ်။
ပထမအကျော့တုန်းက အီတလီမြေမှာ ဂျူဗင်တပ်အနိုင်ရခဲ့တယ်ဆိုပေမယ့် ရော်နယ်ဒိုရဲ့ခေါင်းတိုက်ဂိုးကြောင့် ရီးရဲလ်မက်ဒရစ်အတွက် အဖိုးတန်အဝေးဂိုးရခဲ့ပါတယ်။ ဒီအဝေးဂိုးကြောင့် ရီးရဲလ်မက်ဒရစ်အနေနဲ့ အခုတစ်ခေါက် အိမ်ကွင်းမှာ ၁-၀ နဲ့အနိုင်ယူနိုင်တယ်ဆိုရင်ပဲ ဗိုလ်လုပွဲကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် အခြေအနေ
ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့တပတ်က ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဗလန်စီယာနဲ့ သရေကျခဲ့ပြီးတဲ့နောက် လာလီဂါအမှတ်ပေးဖလားကိုလည်း လက်လွှတ်ရဖို့ သေချာသွားပြီဖြစ်ပါတယ်။ ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်အတွက် မျှော်လင့်စရာ ချန်ပီယံလိဂ်သာကျန်ပါတော့တယ်။ `
လက်ရှိအချိန်မှာ ရီးရဲလ်မက်ဒရစ် ခြေစွမ်းမတည်ငြိမ်ဖြစ်နေတာကိုတော့ ငြင်းလို့မရပါဘူး။ ဗိုလ်လုပွဲတက်ခဲ့မယ် ဆိုရင်တောင် ခြေစွမ်းအတည်ငြိမ်ဆုံးဖြစ်နေတဲ့ ဘာစီလိုနာကို ရင်ဆိုင်ဖို့ ခက်မှာပါ။ အထူးသဖြင့် ဂိုးသွင်းခြေ ရှိတဲ့အသင်းတွေနဲ့တွေ့ရင် နောက်တန်းကအမြဲတစေ ဂိုးပေးနေရတာကိုတွေ့ရပါတယ်။
နည်းပြအန်ဆလော့တီဟာ ချန်ပီယံလိဂ်အတွေ့အကြုံအရှိဆုံး နည်းပြလည်းဖြစ်ပါတယ်။ ဥရောပဖလားကို နည်းပြဘဝနဲ့ လေးကြိမ်ရဖူးတာ အန်ဆလော့တီတစ်ဦးတည်းသာ ရှိပါတယ်။ ဆီမီးဖိုင်နယ်မှာ ဂျူဗင်တပ်ကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲရောက်ခဲ့မယ်ဆိုရင်လည်း ချန်ပီယံလိဂ်လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ အခွင့်အရေး ရလာမှာပါ။ အန်ဆလော့တီဟာ ဂျူဗင်တပ်၊ အေစီမီလန်၊ ချဲလ်ဆီး၊ ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ် စတဲ့ အသင်းတွေကို ကိုင်တွယ်ခဲ့ရာမှာ အမှတ်ပေးဖလားသုံးကြိမ်ပဲရခဲ့ပြီး ဥရောပဖလားအောင်မြင်မှုက ပိုများတာကို တွေ့ရမှာပါ။
ရီးရဲလ်မက်ဒရစ် အဓိကရင်ဆိုင်နေရတာက ကွင်းလယ်မှာ တိုက်စစ်ကိုပံ့ပိုးပေးနိုင်တဲ့ လူကာမိုဒရစ်ကို ဆုံးရှုံးထားတာဖြစ်ပါတယ်။ မိုဒရစ်မရှိတဲ့အချိန်မှာ ဘန်ဇီမားလည်း မကစားနိုင်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ် တိုက်စစ်ဟာ ရော်နယ်ဒိုတစ်ဦးတည်းကိုသာ အားထားနေရသလိုဖြစ်ခဲ့ပါတယ်။ ဂါရက်ဘေးလ်ကလည်း မကြာသေးခင်ကပွဲတွေမှာ ခြေစွမ်းမပြနိုင်ဖြစ်ခဲ့ရပါတယ်။ အသလက်တီကိုနဲ့ပွဲတုန်းကလို ဟာနန်ဒက်ဇ် နောက်တစ်ကြိမ်ဂိုးသွင်းဖို့ ဆိုတာလည်း မလွယ်ကူတော့တဲ့ ကိစ္စပါ။
ဂျူဗင်တပ်အခြေအနေ
ဂျူဗင်တပ်ကစားသမားတွေရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာက ရီးရဲလ်ကစားသမားတွေထက် မနိမ့်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဆိုလိုတာက အသင်းဟာ အမှတ်ပေးဖလားကိုလည်း ရပြီးပြီဖြစ်တာကြောင့် အသင်းအောင်မြင်မှု မရတာကြာနေပြီဖြစ်တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုတက်ဖို့ အားလုံးစိတ်အားထက်သန်နေကြမှာပါ။
ဂျူဗင်တပ်ဟာ ချန်ပီယံလိဂ်ဆီးမီးဖိုင်နယ်ကို ကံကောင်းပြီးရောက်လာခဲ့တာတော့ မဟုတ်ပါဘူး။ တည်ငြိမ်တဲ့ ခြေစွမ်းနဲ့ ရောက်လာခဲ့တာလို့ဆိုနိုင်ပါတယ်။ အုပ်စုတက်လာခဲ့တုန်းက ဂျူဗင်တပ်ကို ဒီအထိရောက်လာမယ် ဘယ်သူမှ ထင်မထားခဲ့ပေမယ့် ဒေါ့မွန်နဲ့ မိုနာကိုအသင်းတို့ကို ကျော်ဖြတ်ပြီးချိန်မျာတော့ ဂျူဗင်တပ်ဟာ ဗိုလ်စွဲနိုင်ခြေရှိတဲ့ အသင်းစာရင်းထဲ ပါလာခဲ့ပါတယ်။ အုပ်စုတက်လာပြီးတဲ့အချိန်ကစပြီး ရီးရဲလ်မက်ဒရစ်နဲ့ ပထမအကျော့ကစားပြီးတဲ့အချိန်အထိ ဂျူဗင်တပ်ရဲ့ခံစစ်က နှစ်ဂိုးသာ ပေးခဲ့ရပါတယ်။ ဂျူဗင်တပ်ဟာ ခံစစ်နဲ့ နာမည်ကြီးနေတဲ့ အသင်းလည်းဖြစ်ပါတယ်။
စိတ်ဝင်စားဖွယ် အချက်များ
ဂျူဗင်တပ်ဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တွေမှာ ရီးရဲလ်မက်ဒရစ်နဲ့ လေးကြိမ်တွေ့ခဲ့ဖူးပြီး သုံးကြိမ်အနိုင်ရကာ တစ်ကြိမ်ပဲရှုံးဖူးပါတယ်။ တစ်ကြိမ်ရှုံးခဲ့တဲ့ပွဲက ၁၉၉၈ ဗိုလ်လုပွဲမှာ ဖြစ်ပါတယ်။
ဒီကလပ်အသင်းနှစ်သင်းပေါင်းကို ဆုဖလား ၁၂၀ ရရှိထားပြီး ရီးရဲလ်က ၇၀၊ ဂျူဗင်တပ်က ၅၀ ဖြစ်ပါတယ်။
ဒဏ်ရရ ပွဲပယ်အခြေအနေ
ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဒဏ်ရာရစာရင်းကတော့ သိပ်တိုးတက်မလာသေးပါဘူး။ ကွင်းလယ်မှာ အရေးပါတဲ့ မိုဒရစ်ပါဝင်နိုင်ဦးမှာ မဟုတ်ပဲ တိုနီခရူးစ်နဲ့ ဘန်ဇီမားတို့လည်း ပါဖို့ မကျိမ်းသေပါဘူး။ ဘန်ဇီမားကတော့ ပြန်ပါနိုင်ဖို့ အခွင့်အရေး နည်းနည်းရှိနေပါတယ်။
ဂျူဗင်တပ်အတွက်သတင်းကောင်းရှိနေပါတယ်။ ကွင်းလယ်မှာ အားထားရတဲ့ ပေါ့ဂ်ဘာပြီးခဲ့တဲ့ တပတ်က စီးရီးအေပွဲမှာ ပြန်ပါလာနိုင်ပြီး ဂိုးတောင်သွင်းသွားနိုင်ပါတယ်။ အဆာမိုနဲ့ ဆီဆီရက်စ်တို့တော့ မပါနိုင်သေးပါဘူး။
သုံးသပ်ချက်
ပထမအကျော့တုန်းကပွဲကို ပြန်သုံးသပ်ကြည့်ရင် ဂျူဗင်တပ်ဟာ ခံစစ်ကလည်း အမှားနည်းသလို တိုက်စစ်ကလည်း တိဗက်ဇ်နဲ့ မိုရာတာအတွဲက ဂိုးသွင်းသေချာနေတာကို တွေ့ရပါတယ်။ ဂျူဗင်တပ်ဟာ ရီးရဲလ်မက်ဒရစ်ကို ဘာနေဗျူးမှာ တစ်ချိန်လုံးခံစစ်နဲ့ ကစားမှာမဟုတ်ပါဘူး။ ဖြစ်နိုင်ရင် ဂိုးအရင်သွင်းဖို့တောင် ကြိုးစားပါလိမ့်မယ်။ ပထမအကျော့တုန်းက အိမ်ရှင်ဖြစ်တဲ့ ဂျူဗင်တပ် ၂-၁ ဂိုးနဲ့အနိုင်ရခဲ့သလို ဒီပွဲမှာလည်း အိမ်ရှင်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် ၂-၁ ဂိုးလောက်နဲ့ ပြန်အနိုင်ရသွားနိုင်ပါတယ်။ ဂျူဗင်တပ်ကို ရီးရဲလ်မက်ဒရစ် ဂိုးပေးရဖို့တော့ များပါတယ်။ အချိန်ပိုအထိ ရောက်သွားနိုင်တဲ့ပွဲပါ။
နောက်တဆင့်ကိုတော့ ရီးရဲလ်မက်ဒရစ်ပဲ တက်ဖို့များပါတယ်။ ချန်ပီယံလိဂ်ဖိုင်နယ်ဟာ အယ်ကလက်စီကိုဒါဘီ ဖြစ်လာဖို့ များပါတယ်။

Soccer Myanmar

0 comments:

Post a Comment