Pages

Subscribe:

Monday, May 11, 2015

ချယ်လ်ဆီးနှင့်ပွဲတွင် ဖာဘရီဂက်စ် အနီကတ် ထိခဲ့သင့်ဟု ရော့ဂျာ ဝေဖန်



ချယ်လ်ဆီးနှင့်ပွဲတွင် ဖာဘရီဂက်စ် အနီကတ် ထိခဲ့သင့်ဟု ရော့ဂျာ ဝေဖန်

ချယ်လ်ဆီးနှင့် သရေကျပြီး ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက် လုံးဝနီးပါး မှေးမှိန်သွားသည့် ပွဲစဉ်တွင် ချယ်လ်ဆီးကွင်းလယ်လူ ဆက်စ်ဖာဘရီဂက်စ် အနေဖြင့် အနီကတ် ထိခဲ့သင့်ကြောင်း လီဗာပူးလ် မန်နေဂျာ ဘရန်ဒန်ရော့ဂျာက ဝေဖန် ပြောကြားလိုက်သည်။

စပိန်လက်ရွေးစင် ကွင်းလယ်လူသည် ပွဲအစပိုင်းကတည်းက အဝါကတ် ထိထားပြီး ထို့နောက်တွင် ရာဟင်မ် စတာလင်ကို ဖျက်ထုတ်ရာ၌ ဒုတိယ အဝါကတ် ထိခဲ့သင့်သည်ဟု ရော့ဂျာက ယူဆနေသည်။ ဖာဘရီဂက်စ်သည် ဘောလုံးကို လှမ်းထောက်ရာ၌ စတာလင်၏ ခြေကျင်းဝတ်ကို ထိခိုက်မိသော်လည်း ဒိုင်လူကြီး အန်ဒရီ မာရီနာက ပြစ်ဒဏ်ဘော သတ်မှတ်ခြင်း မရှိဘဲ ပွဲကို ဆက်ကစားစေခဲ့သည်။ အကယ်၍ ထိုဖျက်ထုတ်မှုအတွက် ဖာဘရီဂက်စ်သာ ဒုတိယ အဝါကတ် ထိခဲ့ပါက လီဗာပူးလ်သည် လူအင်အား တစ်ယောက်အသာရပြီး ပွဲကို ပိုမို ဖိအားပေး ကစားနိုင်ဖွယ် ရှိနေသည်။

တစ်ဂိုးစီ သရေကျခဲ့သည့် ပွဲစဉ်အပြီး လက်ကျန် ချန်ပီယံလိဂ် ဝင်ခွင့်နေရာကို မန်ချက်စတာ ယူနိုက်တက်ထံ လက်လွှဲပေးရရန် သေချာသလောက် ဖြစ်သွားသည့်နောက် ရော့ဂျာက “ဖာဘရီဂက်စ်ရဲ့ ဖျက်ထုတ်မှုက တော်တော်လေး ဆိုးပါတယ်။ တကယ်ဆို သူဟာ အထုတ်ခံရသင့်တာပါ။ တကယ်လို့ သူအနီထိသွားရင် ပွဲချိန်အစောပိုင်းတော့ ဖြစ်နေမယ်။ ဒါပေမဲ့ ပွဲချိန် အစောပိုင်းပဲဖြစ်ဖြစ်၊ ဒုတိယပိုင်း အစပဲဖြစ်ဖြစ်၊ ပွဲပြီးခါနီးမှဖြစ်ဖြစ် ဒီလို ဖျက်ထုတ်မှုမျိုး ဆိုတာကတော့ အနီကတ်နဲ့ သေချာပေါက် ထိုက်တန်နေတာပါပဲ”ဟု ပြောကြားသွားသည်။

လီဗာပူးလ်သည် ပြီးခဲ့သည့် ရာသီက ပရီးမီးယားလိဂ် ချန်ပီယံဆုနှင့် လက်တစ်ကမ်း အလိုထိ နီးစပ်ခဲ့ဖူးသော်လည်း ယခုရာသီတွင်မူ အဆိုပါ အဆင့်အတန်းမျိုးနှင့် များစွာ ကွာလှမ်းသွားခဲ့သည်။ ရော့ဂျာက “ကျွန်တော်တို့ အဆင့်(၅)မှာ ရှိနေပါတယ်။ ဒါဟာ ကျွန်တော်တို့နဲ့ တကယ်လည်း ထိုက်သင့်တဲ့ အနေအထားလို့ ယူဆရပါမယ်။ တကယ်လို့ နောက်ထပ် ခြေလှမ်းသစ် တစ်ခုကို အစပြုချင်ရင်တော့ နွေရာသီမှာ ကစားသမားသစ် တချို့ကို ရှာဖွေ ဝယ်ယူဖို့ လိုပါတယ်။ ဒါက အသင်းအတွက် အထောက်အကူ ဖြစ်စေမှာပါ။ လက်ရှိ အသင်းသား အားလုံးကလည်း သူတို့ အစွမ်းရှိသလောက်တော့ ပေးဆပ်ကြပါတယ်။ ဒီနေ့လိုပွဲမျိုး အနိုင်မရခဲ့တာဟာ တော်တော်လည်း ကံဆိုးနေတာကြောင့်ပါ”ဟု ဖွင့်ဟသွားသည်။

Soccer Myanmar

0 comments:

Post a Comment