Pages

Subscribe:

Thursday, May 14, 2015

မိုရာတာရဲ့ဂိုးနဲ့ ရီးရဲလ်မက်ဒရစ်ကိုဖြုတ်ချပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်လာတဲ့ ဂျူဗင်တပ်



မိုရာတာရဲ့ဂိုးနဲ့ ရီးရဲလ်မက်ဒရစ်ကိုဖြုတ်ချပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်လာတဲ့ ဂျူဗင်တပ်

ရီးရဲလ်မက်ဒရစ်ဟာ အိမ်ကွင်းဘာနေဗျူးမှာ အသင်းအတွက်လိုအပ်တဲ့ ဦးဆောင်ဂိုးကို ပင်နယ်တီကတဆင့် သွင်းယူနိုင်ခဲ့ပေမယ့် ဂျူဗင်တပ်ကို ချေပဂိုးပြန်ပေးခဲ့ရတာကြောင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ နှစ်နှစ်ဆက်တိုက် တက်ရောက်မယ့်အိပ်မက် ပျက်ခဲ့ရပြီဖြစ်ပါတယ်။ ဒီနှစ်ဘာလင်မြို့မှာ ပြုလုပ်မယ့်ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာတော့ ဘာစီလိုနာနဲ့ ဂျူဗင်တပ်က ယှဉ်ပြိုင်သွားကြရတော့မှာ ဖြစ်ပါတယ်။
အိမ်ရှင်ရီးရဲလ်မက်ဒရစ်အသင်းဘက်မှာ ပထမအကျော့တုန်းက မပါဝင်နိုင်ခဲ့တဲ့ တိုက်စစ်မှူး ဘန်ဇီမား ပါလာခဲ့ပြီး တိုက်စစ်မှာ ရော်နယဒို၊ ဘန်ဇီမား၊ ဂါရက်ဘေးလ်တို့ လူစုံပါဝင်ခဲ့ပါတယ်။ ဧည့်သည်ဂျူဗင်တပ်အသင်းဘက်မှာလည်း ပထမအကျော့တုန်းက ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမားပေါ့ဂ်ဘာ ပါဝင်လာခဲ့ပြီး တိုက်စစ်မှာထုံးစံအတိုင်း မိုရာတာနဲ့ တိဗက်ဇ်တို့ ပွဲထွက်ခဲ့ပါတယ်။
ပွဲစပြီးတစ်မိနစ်မပြည့်ခင်မှာတင် မာဆယ်လိုရဲ့ဖြတ်တင်ပေးမှုကို ဂါရက်ဘေးလ်ခေါင်းတိုက်အဆုံးသတ်ပေမယ့် ဂိုးပေါ်ကျော်သွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဘက်က ဆက်တိုက်ဖိကစားခဲ့ပြီး ဘန်ဇီမားအနီးကပ် ကန်ချက်ရခဲ့ပေမယ့် ဂိုးပေါ်ကျော်သွားခဲ့ပြန်ပါတယ်။ အစပိုင်းမှာ ရီးရဲလ်မက်ဒရစ်ဘက်က တရစပ် တိုက်စစ်ဆင်မှုကို ဂျူဗင်တပ်ခဲ့ခဲ့ရပေမယ့် နောက်ပိုင်းမှာ ပြန်ပြီးတိုက်စစ်ဆင်နိုင်ခဲ့ပါတယ်။ ၂၅ ကိုက်အကွာလောက်မှာ ရော်နယ်ဒို ပြစ်ဒဏ်ဘော ကန်ခွင့်ရပေမယ့်လည်း တံတိုင်းနဲ့ထိသွားခဲ့လို့ ထောင့်ကန်ဘောသာဖြစ်ခဲ့ပါတယ်။ အိမ်ရှင်ရီးရဲလ်မက်ဒရစ်ဘက်က ဆက်တိုက်တိုက်စစ်ဆင်ခဲ့ပေမယ့်လည်း ဘန်ဇီမား၊ ရော်နယ်ဒို၊ ဂါရက်ဘေးလ်တို့ အတွဲမမိပဲဖြစ်နေခဲ့လို့ တဦးချင်းစွမ်းရည်နဲ့ အဝေးကန်သွင်းချက်တွေသာ များနေခဲ့ပါတယ်။
ဂျူဗင်တပ်ဟာ ရီးရဲလ်မက်ဒရစ်ကို ခံစစ်သက်သက်နဲ့သာ ရင်ဆိုင်ခဲ့တာမဟုတ်ပေမယ့် တိဗက်ဇ်နဲ့ မိုရာတာတို့ လှုပ်ရှားခွင့်မရခဲ့လို့ တိုက်စစ်ဟာ ပထမပိုင်းမှာ အသက်မဲ့နေခဲ့ရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းအတွက် လိုအပ်နေတဲ့ ဦးဆောင်ဂိုးကို ပွဲချိန်၂၂မိနစ်မှာ ပင်နယ်တီကတဆင့် ရော်နယ်ဒိုက သွင်းနိုင်ခဲ့ပါတယ်။ ရော်နယ်ဒို ဘောလုံးဆွဲပြေးလာတာကို ဂျူဗင်တပ်ဘက်က သုံးဦးလောက်ဝိုင်းဖျက်ထုတ်ရာမှာ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဆီ ရောက်သွားခဲ့ပါတယ်။ ရိုဒရီဂွက်ဇ်ဘောလုံးဆက်ဆွဲသွားရာမှာ ချီလီနီက သိသိသာသာ ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ ကွင်းလယ်ဒိုင်က ပင်နယ်တီပေးခဲ့ပါတယ်။ ဒီပင်နယ်တီကို ရော်နယ်ဒိုက အမှားအယွင်းမရှိကန်သွင်းပြီး အသင်းအတွက်ဦးဆောင်ဂိုးသွင်းပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၂၉ မိနစ်မှာ တန်ပြန်တိုက်စစ်ကတဆင့် ရော်နယ်ဒို အနီးကပ်ကန်ခွင့်ရတာကို မကန်ခဲ့ပဲ အသင်းဖော်ဆီ ဖန်တီးပေးတဲ့ဘောလုံးပျက်သွားခဲ့လို့ ဒုတိယဂိုးရမယ့်အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။ ပထမပိုင်းပြီးခါနီးမှာ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟန်ဆောင်လှဲချတယ်ဆိုပြီး ကွင်းလယ်ဒိုင်က အဝါကတ်ပြသတိပေးခဲ့ပါတယ်။ ပထမပိုင်း တစ်ပိုင်းလုံးမှာ ဂျူဗင်တပ်ဘက်က ဗီဒယ်ရဲ့ တစ်လုံးတည်းသောကန်ချက်သာ ရီးရဲလ်မက်ဒရစ် ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်ဘက်ကတော့ အကြိမ်ကြိမ်ဂိုးပေါက် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာ ဂျူဗင်တပ်ဘက်က တိုက်စစ်ဆင်မှုတွေ ပြန်မြင်လာရပါတယ်။ ပွဲချိန် ၅၇ မိနစ်မှာတော့ ဧည့်သည်ဂျူဗင်တပ်အတွက် အရေးပါတဲ့အဖိုးတန်ချေပဂိုးရသွားခဲ့ပါတယ်။ ဂိုးဧရိယာထဲ ကျလာတဲ့ဘောလုံးကို ပေါ့ဂ်ဘာကခေါင်းတိုက်ချပေးရာကတဆင့် မိုရာတာဆီရောက်သွားပြီး မိုရာတာက အပိုင်ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဂိုးပေးလိုက်ရတဲ့ ရီးရဲလ်မက်ဒရစ် တိုက်စစ်ချက်ခြင်းပြန်ဆင်ခဲ့ပေမယ့် ရှေ့တန်းမှာအတွဲမမိခဲ့ခဲ့အတွက် အရာမထင်ခဲ့ပါဘူး။
ဒီနေ့ပွဲမှာ ရီးရဲလ်မက်ဒရစ်ကစားသမား ဂါရက်ဘေးလ်လည်း ခြေစွမ်းမပြနိုင်ခဲ့ပဲ အမှားသာ များနေခဲ့တာတွေ့ရပါတယ်။ ဒုတိယပိုင်းမှာ ခြေကျသွားတဲ့ ဘန်ဇီမားနေရာမှာ ဟာနန်ဒက်ဇ်နဲ့ လူစားလဲခဲ့ပါတယ်။ ချေပဂိုးရသွားတဲ့ ဂျူဗင်တပ်ဟာ ခံစစ်ကိုသေချာပြင်ဆင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်အတွက် အခွင့်အရေးလုံးဝမပေးခဲ့ပါဘူး။ ရီးရဲလ်မက်ဒရစ်ကွင်းလယ်နဲ့ တိုက်စစ်ဟာ ဒုတိယပိုင်းမှာ လုံးဝအသက်မဲ့နေခဲ့ပြီး ဂျူဗင်တပ်ဂိုးပေါက်ကိုလုံးဝ မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။ ဖြတ်တင်ဘောတွေကလည်း ပျက်တာသာများနေခဲ့ပါတယ်။
ဂျိမ်းစ်ရိုဒရီဂွက်ဇ်ရဲ့ ဖြတ်တင်ဘောကို ဂါရက်ဘေးလ်ခေါင်းတိုက်ခွင့်ရပေမယ့်လည်း ပီယာလိုက အောက်က ထမ်းထားခဲ့လို့ သေချာတိုက်ခွင့်မရပဲ ဂိုးပေါ်ကပ်ကျော်သွားခဲ့ပါတယ်။ အဲဒီနောက်မှာ ဂျူဗင်တပ်က ပီယာလိုအစား ဘာဇာဂလီကကို လူစားဝင်စေခဲ့ပါတယ်။ ပွဲချိန်ပြီးဖို့နီးလာတာနဲ့အမျှ ရီးရဲလ်မက်ဒရစ်ရဲ့ တိုက်စစ်ဆင်မှု ပိုပြီးပြင်းထန်လာခဲ့ပေမယ့် စနစ်ကျတဲ့ကစားကွက်မျိုးနဲ့မဟုတ်ပဲ လောကြီးစွာ ကစားနေခဲ့တဲ့အတွက် ဂိုးပေါက်ခြိမ်းခြောက်နိုင်မှု အားနည်းခဲ့ပါတယ်။
နောက်ပိုင်းမှာ မိုရာတာရဲ့ အပိုင်ကန်ချက်ကိုလည်းကာဆီးလက်ကာကွယ်သွားနိုင်ပါသေးတယ်။ ပွဲပြီးအထိ ဂိုးထပ်မသွင်းနိုင်ကြတော့လို့ နှစ်ကျော့ပေါင်းရလဒ် ဂျူဗင်တပ်က ၃-၂ နဲ့နိုင်ပြီး နောက်တဆင့် တက်သွားနိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်ဟာ ၂၀၀၃ ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်လှမ်းလာနိုင်ခဲ့တာဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာတော့ ဘာစီလိုနာနဲ့ ဂျူဗင်တပ် ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။

Soccer Myanmar

0 comments:

Post a Comment