Pages

Subscribe:

Thursday, May 14, 2015

MSN တိုက်စစ်အတွဲနှင့် ဘာစီလိုနာရဲ့ လားရာ



MSN တိုက်စစ်အတွဲနှင့် ဘာစီလိုနာရဲ့ လားရာ
Written by  အောင်ငြိမ်းသွေး

၂၀၁၄-၁၅ ဥရောပဘောလုံးရပ်ဝန်းက နိဂုံးပိုင်းကို ရောက်ရှိလာပြီဖြစ်ပြီး မကြာခင်မှာ အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ တစ်ကမ္ဘာလုံးကဘောလုံး ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်တဲ့အသင်းက ဘာစီလိုနာအသင်းပဲ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်၊ စီးရီးအေနှင့် ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွေက ချန်ပီယံအသင်းတွေထွက်ပေါ်ခဲ့ပြီးဖြစ်ပေမယ့် လာလီဂါမှာတော့ ဘာစီလိုနာအသင်းက ချန်ပီယံဖြစ် လို့ နိုင်ပွဲတစ်ပွဲ လိုအပ်နေဆဲဖြစ်ပါတယ်။ ဘာစီလိုနာရဲ့ လက်ရှိအနေအထားအရ လာလီဂါချန်ပီယံဆုကို ရရှိဖို့က လက်တစ်ကမ်းအလိုမှာ ရှိနေသလို ချန်ပီယံ လိဂ်နဲ့ ကိုပါဒယ်ရေးပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲကို ရောက်ရှိနေပြီဖြစ်လို့ ကြီးကျယ်ခမ်းနားတဲ့ ရာသီတစ်ခုကို လှပစွာ အဆုံးသတ်ရမယ့် အချိန် ကိုရောက်နေ ပြီဖြစ်ပါတယ်။

မက်ဆီ၊ ဆွာရက်ဇ်နဲ့ နေမာတို့ရဲ့ MSN တိုက်စစ်အတွဲကြောင့် ဘာစီလိုနာအသင်း အောင်မြင်တဲ့ ရာသီတစ်ခုကို ပိုင်ဆိုင်ရလိမ့်မယ်လို့လည်း အားလုံးက ထင်ကြေးပေးနေကြပါပြီ။

MSN တိုက်စစ်ရဲ့ စုစုပေါင်းသွင်းဂိုးက ၁၁၄ ဂိုးအထိ ရှိနေပါပြီ။ မက်ဆီက ၅၃ ဂိုး၊ ဆွာရက်ဇ်က ၂၄ ဂိုးနဲ့ နေမာက ၃၇ ဂိုး သွင်းယူထားတာပါ။ ဒီအချိန်မှာ ဘယ်အသင်းကမှ MSN တိုက်စစ်ကို တားဆီးနိုင်မယ် မထင်ပါဘူး။

ဒီတောင်အမေရိကသား သုံးဦးက မထင်မှတ်လောက်အောင်ကို အတွဲညီနေကြပြီး ဘောလုံးကမ္ဘာရဲ့ အကောင်းဆုံးတိုက်စစ် အတွဲအဖြစ် သမိုင်းရေးထိုးဖို့ အဆင်သင့် ဖြစ်နေပါပြီ။ အရင်ကဆို မက်ဆီမှ မရှိရင် ဘာစီလိုနာအသင်းဆိုတာ ဘာမှမဟုတ်ဘူးလို့ ပြောခဲ့ကြပါတယ်။ အခုအချိန်မှာတော့ မက်ဆီမပါဝင်နိုင် ရင်တောင် ဘာစီလိုနာတိုက်စစ်က အရမ်းကြီး အားနည်းသွားဖို့ မရှိပါဘူး။

ဆွာရက်ဇ်၊ နေမာတို့နဲ့ ပေါင်းစပ်လိုက်တာကြောင့် မက်ဆီရဲ့ အစွမ်းတွေက ပိုပြီးကောင်းမွန်လာခဲ့သလို ကွင်းအတွင်းမှာလည်း အရင်ကလို တစ်ဦးတည်း ရုန်း ကန်မနေရတော့ပဲ ဖန်တီးသူနေရာကိုတောင် ပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။ အချက်အလက်တွေအရဆိုရင် မက်ဆီဟာ ဒီရာသီမှာ ဖန်တီးမှု အများဆုံးပြု လုပ်ထားနိုင်ပါတယ်။

ဆွာရက်ဇ်နဲ့ နေမာကြောင့် မက်ဆီအနေနဲ့ ကစားရတာ ပိုမိုလွတ်လပ်ကောင်းမွန်လာသလို၊ မက်ဆီကြောင့်လည်း နေမာနဲ့ ဆွာရက်ဇ်တို့ ပိုပြီးကောင်းမွန်လာ ကြပါတယ်။ ချီးကျူးစရာကောင်းတာကတော့ သုံးဦးစလုံးဟာ ကမ္ဘာကျော်တွေဖြစ်ကြပေမယ့် တစ်ဦးနဲ့ တစ်ဦး အဆင်ပြေပြေနဲ့ နားလည်မှုရှိရှိကစားနိုင်အောင် ကြိုးစားကြတာပါပဲ။

ကော်ဒိုဘာနဲ့ပွဲစဉ်မှာ နှစ်ဂိုးသွင်းထားတဲ့ မက်ဆီက ပင်နယ်တီကန်ခွင့်ရချိန်မှာ ဟက်ထရစ်ဂိုးသွင်းနိုင်မယ့် အခွင့်အရေးရပေမယ့် ဂိုးမရသေးတဲ့နေမာ ကိုပေး ကန်ခဲ့သလို ဘိုင်ယန်မြူးနစ်နဲ့ ဒုတိယအကျော့ပွဲစဉ်မှာလည်း နှစ်ဂိုးရထားတဲ့ နေမာက အပိုင်အခွင့်အရေးရချိန်မှာ တစ်ကိုယ်ကောင်းဆန်ဆန်မကန်ပဲ မက်ဆီ ဂိုးသွင်းနိုင်ဖို့ ပြန်လည်ဖန်တီးပေးခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် တစ်ယောက်နဲ့ တစ်ယောက် ယှဉ်ပြိုင်နေခြင်းမျိုးမရှိဘဲ အထောက်အပံ့ပေးကာ အသင်းအောင်ပွဲရဖို့ကိုပဲ ဦးစားပေးနေတယ်ဆိုတာ ပေါ်လွင်လှပါတယ်။

ဆွာရက်ဇ်ဆိုရင်လည်း တိုက်စစ်မှာ နေရာစုံကနေ ထိုးဖောက်ပြီး အသင်းဖော်တွေအတွက် ကွက်လပ်တွေရအောင် ကစားပေးသလို အခွင့်အရေး ရလာချိန်မှာ လည်း အကောင်းဆုံးလူကို ပြန်လည်ဖန်တီးပေးတာ တွေ့နေရပါတယ်။ လီဗာပူးလ်မှာ တုန်းကဆို ဆွာရက်ဇ်ကသာ စတူးရစ်ခ်ျကို ဖန်တီးပေးနေရပြီး စတူးရစ် ခ်ျက ဆွာရက်ဇ်ကို ပြန်ပြီး ဖန်တီးပေးတယ်ဆိုတာ မမြင်ရ သလောက်ကို နည်းပါးခဲ့ပါတယ်။

မက်ဆီအနေနဲ့ သူတွဲဖက်ကစားခဲ့ဖူးတဲ့ တိုက်စစ်ကစားသမားတွေ အများအပြားရှိခဲ့ပြီး အောင်မြင်မှုတွေ၊ ဂိုးတွေ အများအပြား ရခဲ့ပေမယ့် အခုအချိန်လောက် အတွဲညီညီနဲ့ သက်သောင့်သက်သာ ကစားခဲ့ရတာကို မတွေ့ခဲ့ရပါဘူး။ ဘာစီလိုနာမှာ မက်ဆီတွဲဖက်ခဲ့ဖူးတဲ့ တိုက်စစ်အတွဲအစပ်တွေထဲမှာ နေမာနဲ့ ဆွာရက်ဇ်တို့က အတွဲအမိဆုံးလို့ မြင်မိပါတယ်။


မက်ဆီနဲ့ ဘာစီလိုနာတိုက်စစ်မှူးများ


ဘာစီလိုနာအသင်းရဲ့ လာမာစီယာအကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ မက်ဆီအနေနဲ့ ထိပ်တန်းတိုက်စစ်မှူးပေါင်းများစွာနဲ့ တွဲဖက်ခဲ့ဖူးပါတယ်။ သူတို့တွေနဲ့ မက်ဆီဟာ အတွဲအဖက်မိမိကစားနိုင်ခဲ့ပေမယ့် အကောင်းဆုံးတော့ မဖြစ်ခဲပါဘူး။ မက်ဆီရဲ့ ဘာစီလိုနာ ကစားသမားဘ၀ တစ်လျှောက်ကို နှစ်အလိုက်လေ့ လာကြည့်ရင် ဒါကို မြင်တွေ့နိုင်ပါတယ်။

မက်ဆီဟာ ၂၀၀၄-၀၅ ရာသီမှာ ဘာစီလိုနာအတွက် ပထမဆုံးပွဲထွက်ကစားခွင့် ရရှိခဲ့ပါတယ်။ အဲဒီအချိန်က အသက် ၁၇ နှစ်သာ ရှိသေးတဲ့မက်ဆီဟာ ဘာစီလိုနာမှာ တစ်ရာသီလုံး ခုနှစ်ပွဲသာ ပါဝင်ကစားခဲ့ရပြီး တစ်ဂိုးပဲသွင်းနိုင်ခဲ့ပါတယ်။ အဲ့ဒီရာသီမှာ ဘာစီလိုနာအသင်း လာလီဂါချန်ပီယံဖြစ်ခဲ့ပြီး တိုက်စစ်ကို အဓိက ဦးဆောင်ကစားနေသူတွေက ရော်နယ်ဒင်ဟို၊ အီတူးနဲ့ ဂူလီတို့ ဖြစ်ပါတယ်။ အရန်မှာ ဟင်းနရစ်လာဆင်နဲ့ မက်ဆီလိုပက်ဇ်တို့ ရှိနေပြီး မက်ဆီလေးက တတိယဦးစားပေးလောက်မှာပဲ ရှိခဲ့ပါတယ်။

၂၀၀၅-၀၆ ရာသီမှာတော့ မက်ဆီပိုမိုပွဲထွက်ကစားခွင့်ရရှိလာခဲ့ပြီး ရှစ်ဂိုးအထိသွင်းယူလာနိုင်ပါတယ်။ ဘာစီလိုနာက လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားတွေကို ဆွတ်ခူးနိုင်ခဲ့ပြီး အောင်မြင်ခဲ့ပါတယ်။ အဓိက တိုက်စစ်မှူးတွေက ဒင်ဟို၊ အီတူးနဲ့ဂူလီတို့ပါပဲ။

၂၀၀၆-၀၇ ရာသီကို ရောက်လာချိန်မှာတော့ မက်ဆီပွဲထွက်ခွင့် ပိုရလာသလို ဂိုးတွေလည်း ပိုသွင်းလာခဲ့ပါတယ်။ တစ်ရာသီအတွင်း ၁၈ ဂိုးအထိသွင်းလာနိုင် ပါတယ်။ ဂူလီရဲ့ နေရာကို မက်ဆီက လုယူလာပြီး ခြေစွမ်းပြလာတာပါ။ အဲ့ဒီအချိန်တုန်းက ဘာစီလိုနာမှာ ဒင်ဟို၊ အီတူး၊ ဂူလီ၊ လာဆင်၊ ဆာဗီယိုလာ၊ ဂတ်ဂျွန် ဆင် စတဲ့ တိုက်စစ်မှူးတွေရှိနေပြီး မက်ဆီက ဒင်ဟိုနဲ့ အီတူးရဲ့နောက် ဂိုးအများဆုံးသွင်းသူ ဖြစ်လာခဲ့ပါတယ်။ တိုက်စစ်မှူးကောင်းတွေရှိနေပေမယ့် ပင်ကို ထူးချွန်ပြီး အရည်အသွေးကောင်းတွေပိုင်ဆိုင်ထားတဲ့ မက်ဆီကို နည်းပြ ရီကတ် မျက်ကွယ်ပြုထားလို့ မရခဲ့ပါဘူး။ အဲ့ဒီရာသီမှာ ဘာစီလိုနာတို့ မအောင်မြင် ခဲ့ပေမယ့် မက်ဆီကတော့ နေရာတစ်နေရာတည်ဆောက်နိုင်ခဲ့ပါတယ်။

၂၀၀၇-၀၈ ရာသီကတော့ ရော်နယ်ဒင်ဟိုရဲ့ဘာစီလိုနာကစားသမားဘ၀ နေ၀င်ချိန်လို့ ဆိုရမှာပါ။ အွန်နရီရောက်လာခြင်းနဲ့အတူ ဘာစီလိုနာမှာ အီတူး၊ အွန်နရီ၊ မက်ဆီ အတွဲက အဓိက ဖြစ်လာပြီး ဒင်ဟိုရဲ့ အခမ်းကဏ္ဍ မှေးမှိန်လာခဲ့ပါတယ်။ အဲ့ဒီရာသီမှာ အွန်နရီ ၁၉ ဂိုး၊ အီတူး ၁၈ ဂိုး၊ မက်ဆီ ၁၆ ဂိုးသွင်းနိုင် ပြီး ဒင်ဟိုကတော့ ၉ ဂိုးပဲ သွင်းနိုင်ခဲ့ပါတယ်။ ဘာကာမှာ မက်ဆီဆိုတဲ့ နေရာတစ်နေရာ ရသွားခဲ့ပါပြီ။ ဒါပေမဲ့ အဲ့ဒီရာသီမှာ ဘာစီလိုနာအသင်း မအောင်မြင်ခဲ့ ပါဘူး။

၂၀၀၈-၀၉ ရာသီမှာတော့ မက်ဆီ၊ အီတူး၊ အွန်နရီ တိုက်စစ်အတွဲက အဓိက ဖြစ်လာပြီး မက်ဆီက ဘာစီလိုနာရဲ့ အဓိက မရှိမဖြစ် ဖြစ်လာခဲ့ပါတော့တယ်။ မက်ဆီက တစ်ရာသီလုံး ၃၈ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ဘာစီလိုနာအသင်းကို လာလီဂါ၊ ချန်ပီယံလိဂ်နဲ့ ကိုပါဒယ်ရေးပြိုင်ပွဲတွေမှာ အောင်မြင်မှု ရအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကိုလည်း အာဂျင်တိုင်းလေးကို သိမ်းပိုက်သွားခဲ့ပါတယ်။

၂၀၀၉-၁၀ ရာသီမှာ မက်ဆီရဲ့ ခြေစွမ်းနဲ့ ဂိုးသွင်းနှုန်း ပိုမိုတိုးတက်လာပါတယ်။ မက်ဆီ ၄၇ ဂိုးအထိသွင်းခဲ့ပါတယ်။ အဲ့ဒီနှစ်မှာ အီတူးအသင်းကနေ ထွက်ခွာ သွားပြီး မက်ဆီ၊ မိုဗစ်ခ်ျနဲ့ ပက်ဒရိုတို့က ဘာစီလိုနာရဲ့ အဓိက တိုက်စစ်မှူးတွေအဖြစ် ကစားခဲ့ကြပါတယ်။ အဲ့ဒီရာသီမှာ ဘာစီလိုနာအသင်းက လာလီဂါ၊ စပိန်စူပါဖလား၊ ယူအီးအက်ဖ်အေစူပါဖလား၊ ဖီဖာကမ္ဘာ့ကလပ်ဖလားတွေကို ရရှိခဲ့ပါတယ်။ ဒုတိယမြောက် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကိုလည်း မက်ဆီ ရရှိပြန်ပါတယ်။

၂၀၁၀-၁၁။ ဒီရာသီမှာတော့ မက်ဆီဟာ တားဆီးမရတဲ့ တိုက်စစ်မှူးတစ်ဦး ဖြစ်လာခဲ့ပါတယ်။ လာလီဂါချန်ပီယံဆုကို ဘာစီလိုနာတို့ ဆက်လက်သိမ်းပိုက်နိုင် ပြီး ချန်ပီယံလိဂ်ဖလားကို ပြန်လည် ရရှိခဲ့ပါတယ်။ မက်ဆီရဲ့သွင်းဂိုးပေါင်းက ၅၃ ဂိုးဖြစ်လာပါတယ်။ အဲ့ဒီနှစ်မှာ တွဲဖက်ကစားရတဲ့ တိုက်စစ်မှူးတွေ က ဒေးဗစ် ဗီလာနဲ့ပက်ဒရိုတို့ပါ။ ဗီလာက၂၃ ဂိုး၊ ပက်ဒရိုက၂၂ ဂိုးအထိသွင်းယူပြီး အတွဲညီတဲ့တိုက်စစ်ပုံစံကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ တတိယမြောက် ကမ္ဘာ့အကောင်း ဆုံးဘောလုံး သမားဆုကလည်း မက်ဆီရဲ့ပြတိုက်ထဲ ရောက်လာပါတယ်။

၂၀၁၁-၁၂ ရာသီကတော့ မက်ဆီအလွန်ခြေစွမ်းပြတဲ့ ရာသီလို့ ပြောရမှာပါ။ တစ်ရာသီတည်း ၇၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ခေတ်သစ်ဘောလုံးကမ္ဘာမှာ လုံးဝမလွယ်ကူတဲ့ သွင်းဂိုးအရေအတွက်ပါပဲ။ တွဲဖက်ရတဲ့ တိုက်စစ်မှူးတွက ဗီလာ၊ ပက်ဒရိုနဲ့ ဆန်းချက်ဇ်တို့ ဖြစ်ပါတယ်။ ချီလီသား ဆန်းချက်ဇ်ရောက်လာလို့ ပက်ဒရိုရဲ့ အခမ်းကဏ္ဍ အနည်းငယ်မှေးမှိန်သွားခဲ့ပါတယ်။ မက်ဆီဂိုးအများအပြားသွင်းခဲ့ပေမယ့် ကျန်တိုက်စစ်မှူးသုံးဦးက ၃၇ ဂိုးပဲ သွင်းနိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဘာစီလိုနာတို့ဟာ လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားကို လက်လွှတ်လိုက်ရပြီး ကိုပါဒယ်ရေး၊ ယူအီးအက်ဖ်အေစူပါဖလား၊ ဖီဖာကမ္ဘာ့ကလပ်နဲ့ စပိန် စူပါဖလားတို့ကိုပဲ ရရှိခဲ့ပါတယ်။ ဘာစီလိုနာမအောင်မြင်ပေမယ့် တစ်ဦးတည်း ခြေစွမ်းပြခဲ့တဲ့ မက်ဆီက ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ကိုလေးကြိမ်မြောက် ရရှိခဲ့ပြန်ပါတယ်။

၂၀၁၂-၁၃ ရာသီမှာလည်း ဗီလာ၊ ဆန်းချက်ဇ်၊ ပက်ဒရိုတို့နဲ့ပဲ ဆက်လက်ပြီး တွဲကစားခဲ့ရပါတယ်။ ဘာစီလိုနာတို့ လာလီဂါချန်ပီယံဆုကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး မက်ဆီက ဂိုး ၆၀ သွင်းယူခဲ့ပါတယ်။ ဗီလာက ၁၄ ဂိုးသွင်းယူပြီး ဆန်းချက်ဇ်နဲ့ ပက်ဒရိုတို့က ၈ ဂိုးစီသွင်းခဲ့ကြပါတယ်။ အသင်းမှာ ရုန်းကန်နေရတဲ့ ဗီလာရဲ့ နောက်ဆုံးရာသီဖြစ်ခဲ့ပါတယ်။

၂၀၁၃-၁၄ ရာသီမှာဒေးဗစ်ဗီလာ အသင်းပြောင်းသွားခဲ့လို့ဘာစီလိုနာအသင်းကို ဘရာဇီးတိုက်စစ်အကျော်အမော်နေမာ ရောက်လာခဲ့ပါတယ်။ မက်ဆီ၊ နေမာ ၊ ဆန်းချက်ဇ်၊ ပက်ဒရိုတို့ ဘာကာတိုက်စစ်ကို ဦးဆောင်ခဲ့ကြပါတယ်။ မက်ဆီဂိုးသွင်းအား အနည်းငယ်ကျသွားသလို ဘာစီလိုနာအသင်းလည်း ရုန်းကန်ခဲ့ ရပါ တယ်။ တိုက်စစ်မှူးသစ်နေမာလည်း ဒဏ်ရာနဲ့ နပန်းလုံးနေရပြီး စပိန်မှာ အသားမကျခဲ့ပါဘူး။ ရာသီအစမှာ စပိန်စူပါဖလားလေးတစ်လုံးသာရလို့ ဘာစီလိုနာ ရဲ့ ကျရှုံးတဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။

၂၀၁၄-၁၅ ရာသီမှာတော့ ဘာစီလိုနာတို့ဟာ အငြင်းပွားဖွယ်ရာတိုက်စစ်မှူးဆွာရက်ဇ်ကို ၀ယ်ယူလိုက်ပါတယ်။ ကမ္ဘာ့ဖလားပွဲမှာ ချီလီနီရဲ့ပုခုံးကို ကိုက်ခဲ့လို့ ပွဲပယ်ပြစ်ဒဏ်ထိထားတဲ့ ဆွာရက်ဇ်ကို ဘာစီလိုနာတို့ စွန့်စားဝယ်ယူခဲ့တယ်လို့ ပြောရမှာပါ။ ပင်ကိုယ်ထူးချွန်ပေမယ့် ကွင်းအတွင်းမှာ ပြဿနာရှာတတ်တဲ့ ဆွာရက်ဇ်နဲ့ ဖြစ်ပါ့မလားလို့ စိုးရိမ်ခဲ့ကြပါတယ်။ ဆွာရက်ဇ်နေနဲ့ အောက်တိုဘာ ၂၆ ရက်နေ့အထိ ပွဲပယ်ခံထားရချိန်မှာ မက်ဆီ၊နေမာနဲ့ ပက်ဒရိုတို့က တိုက်စစ် မှာ ကစားခဲ့ကြပါတယ်။ ရာသီအစပိုင်းမှာ ရုန်းကန်ခဲ့ရပေမယ့် မက်ဆီနဲ့ နေမာအတွဲ ပိုမိုမိလာခဲ့ပြီး ဂိုးတွေသွင်းနေနိုင်လို့ ဆွာရက်ဇ်ကို မေ့နေကြပါတယ်။ အဲ့ဒီနောက် ရီးယဲလ်နဲ့အယ်လ်ကလက်စီကိုဒါဘီပွဲမှာ ဆွာရက်ဇ်စတင် ပါဝင်လာပါတယ်။ အဲ့ဒီပွဲမှာဘာကာတို့ ၃-၁ ဂိုးနဲ့ ရှုံးခဲ့ပါတယ်။ မက်ဆီ၊ နေမာ၊ ဆွာရက်ဇ် တိုက်စစ်အတွဲ အလုပ်ဖြစ်ပါ့မလားလို့ သံသယတွေ ရှိနေကြဆဲပါ။

အဲ့ဒီနောက်ပိုင်းတဖြည်းဖြည်း ဆွာရက်ဇ်အထိုင်ကျလာခဲ့ပြီး ဂိုးအများကြီး မသွင်းနိုင်ပေမယ့် မက်ဆီနဲ့ နေမာတို့ကို ပံ့ပိုးမှုတွေ လုပ်လာနိုင်ပါတယ်။ ပင်ကိုယ် ထူးချွန်ပြီး၊ ကြိုးစားသလို မာယာများတဲ့ဆွာရက်ဇ်ဟာ သိပ်မကြာခင်မှာပဲဂိုးတွေရလာခဲ့ပြီး မက်ဆီ၊နေမာတို့နဲ့ အတွဲအဖက် မိလာခဲ့ပါတယ်။ ရလဒ်တွေကောင်း လာသလို သုံးဦးစလုံးရဲ့ နားလည်မှုကလည်း အချိန်တိုအတွင်းမှာပဲ မြင့်မားလာခဲ့ပါတယ်။ အခုအချိန်မှာတော့ MSN တိုက်စစ်အတွဲကို ဘယ်အသင်းမှ တားဆီး ဖို့ မလွယ်တော့ပါဘူး။


MSN တိုက်စစ်အတွဲရဲ့ စွမ်းဆောင်မှု


အခုအချိန်အထိ MSN တိုက်စစ်အတွဲ စုစုပေါင်းသွင်းထားတဲ့ သွင်းဂိုးအရေအတွက်က ၁၁၄ ဂိုးဖြစ်ပါတယ်။ မက်ဆီ ၅၃ ဂိုး၊ ဆွာရက်ဇ် ၂၄ ဂိုးနဲ့ နေမာ ၃၇ ဂိုးသွင်းထားတာပါ။ ဒါတောင် ရာသီအဖွင့် ပထမသုံးလလောက်မှာ ဆွာရက်ဇ်မပါဝင်နိုင်ခဲ့လိုပါ။ ဒီသွင်းဂိုးအရေအတွက်က သူတို့ရဲ့ ပေါင်းစပ်မှုကို အမှန် တကယ်လေးစား ချီးကျူးထိုက်ပါတယ်။ ချန်ပီယံလိဂ်မှာ ဆိုရင်လည်း မက်ဆီ ၁၀ ဂိုး၊ နေမာ ၉ ဂိုးနဲ့ ဆွာရက်ဇ် ၆ ဂိုးသွင်းထားပါတယ်။ ဒီအရေအတွက်က ချန်ပီယံလိဂ်မှာ တစ်သင်းတည်းကနေ ဂိုးအများဆုံးသွင်းယူနိုင်တဲ့ အရေအတွက်လည်း ဖြစ်ပါတယ်။

သူတို့ရဲ့ တစ်ဦးအပေါ်တစ်ဦး ပံ့ပိုးမှုကိုလည်း ကြည့်လိုက်ပါဦး။ မက်ဆီက ၅၃ ဂိုးသွင်းထားရာမှာ နေမာကို ၁၃ ဂိုးဖန်တီးပေးထားပြီး ဆွာရက်ဇ်ကို ၅ ဂိုးဖန်တီးပေးထားပါတယ်။ ဆွာရက်ဇ်က ၂၄ ဂိုးသွင်းထားရာမှာ မက်ဆီကို ၄ ဂိုးဖန်တီးပေးပြီး နေမာကို ရှစ်ဂိုးဖန်တီးပေးထားပါတယ်။ နေမာကတော့ ၃၇ ဂိုးသွင်းယူထားရာမှာ မက်ဆီကို ၉ ဂိုးဖန်တီးပေးထား ပါတယ်။ ဆွာရက်ဇ်ကိုတော့ ဖန်တီးပေးနိုင်မှု မရှိခဲ့ပါဘူး။ ညီညွတ်ပြီး ဟန်ချက်ညီတဲ့ တိုက်စစ်အတွဲအစပ်ကို တွေ့ရမှာပါ။

မက်ဆီဟာ သူ့ရဲ့ဘာစီလိုနာကစားသမားဘ၀တစ်လျှောက်မှာ ရော်နယ်ဒင်ဟို၊ အွန်နရီ၊ ဟင်းနရစ်လာဆင်၊ အီတူး၊ ဂူလီ၊ မက်ဆီလိုပက်ဇ်၊ ဂတ်ဂျွန်ဆင်၊ အီဗရာဟီမိုဗစ်ခ်ျ၊ ဒေးဗစ်ဗီလာ၊ ဆန်းချက်ဇ်၊ ပက်ဒရို၊ ဆာဗီယိုလာ၊ ကာကစ်၊ ဒို့စ်ဆန်းတို့စ်၊ အဖယ်လေး စတဲ့ ၀ါရင့်တိုက်စစ်မှူး၊ လူငယ်ခြေ တက်တိုက်စစ် မှူးတွေ အများအပြားနဲ့ တွဲကစားခဲ့ရပါတယ်။ ဘာစီလိုနာမှာ မက်ဆီရယ်လို့ နေရာတစ်နေရာ မရခင်အချိန်ကစလို့ ရပြီးသွားတဲ့ အချိန်ကာလတစ်လျှောက်လုံး မပြောင်းလဲသော တစ်သမတ်တည်း ခြေစွမ်းနဲ့ မက်ဆီကကစားနိုင်ခဲ့ပါတယ်။ တွဲကစားခဲ့ရတဲ့ တိုက်စစ်မှူးတွေနဲ့ အကောင်းဆုံးဖြစ်အောင် ကစားခဲ့ပြီးအောင်မြင် မှုတွေလည်း အလီလီ ရရှိခဲ့ပါတယ်။ ကျွန်တော်အမြင်အရ ပြောရမယ်ဆိုရင် မက်ဆီ တွဲဖက်ကစားခဲ့ရတဲ့ တိုက်စစ်အတွဲအစပ်က သူ့ဟာနဲ့သူ အကောင်းဆုံးတော့ ဖြစ်ခဲ့တာပါပဲ။ ဒါပေမဲ့ နေမာ၊ ဆွာရက်ဇ်တို့နဲ့ အတွဲအဖက်လောက် မကောင်းခဲ့ဖူးလို့ ထင်ပါတယ်။ ပြောလိုတာက မျှတတဲ့ ဟန်ချက်ညီမှုပါ။ သူတို့သုံးဦးရဲ့ တွဲဖက်မှုက အချိန်ဘာမှ ကြာသေးတာ မဟုတ်ပါဘူး။ တစ်ရာသီတာင်မပြည့်သေးပါဘူး။ ဒီထက်ပိုတဲ့ ကောင်းမွန်ပြီး ရသအပြည့်ပေးနိုင်တဲ့ MSN တိုက်စစ်အတွဲကို မြင်ရလိမ့်ဦးမယ်လို့ ထင်ပါတယ်။


MSN တိုက်စစ်နဲ့ ဘာစီလိုနာရဲ့လားရာ


ဘာစီလိုနာတို့ သူတို့ရဲ့ သမိုင်းတစ်လျှောက်ကြီးကျယ်ခမ်းနားလှတဲ့ အောင်မြင်မှုတွေကို ရေးထိုးခဲ့ပြီးပါပြီ။ အနာဂတ်မှာလည်း ထပ်မံ ရေးထိုးဦးမှာပါ။ အခုလက်ရှိအချိန်မှာလည်း ဘာစီလိုနာတို့ဟာ တစ်ရာသီတည်း ဖလားသုံးလုံးရနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေပါသေးတယ်။

ပထမဆုံးအနေနဲ့ ရရှိနိုင်တာက လာလီဂါဖလားပါ။ အက်သလက်၊ ဒီပို့တီဗိုတို့နဲ့ ကစားဖို့ လက်ကျန် နှစ်ပွဲကျန်ရှိနေပါတယ်။ အက်သလက်နဲ့ ဒီတစ်ပတ်မှာ အရင်ကစားရမှာ ဖြစ်ပြီး နောက်ဆုံးပွဲမှာ ဒီပို့နဲ့ ကစားရမှာပါ။ ဒီနှစ်ပွဲက တစ်ပွဲကို နိုင်ရင်ပဲ လာလီဂါဖလားကို သိမ်းပိုက်နိုင်တော့မှာပါ။ အက်သလက်ကို မနိုင်ရင်တောင် ဒီပို့ကိုတော့ ဘာစီလိုနာ နိုင်လောက်ပါတယ်။ အဲ့ဒီတော့ လာလီဂါဖလားက သေချာသလောက်ရှိနေပါပြီ။

ဒုတိယက ကိုပါဒယ်ရေးဖလားပါ။ ဘီလ်ဘာအိုအသင်းနဲ့ကစားရမှာပါ။ ဘာကာအတွက် ကံကောင်းပြီး အားသာတာက ဒီနှစ်ကိုပါဒယ်ရေးဖလားဗိုလ်လုပွဲကို နူးကမ့်ကွင်းမှာ ကစားရမှာပါပဲ။ ဘီလ်ဘာအိုက အဆိပ်ရှိတဲ့ အသင်းဖြစ်ပေမယ့် အဖက်ဖက်က ယှဉ်ကြည့်လိုက်ရင် ဘာကာကို ယှဉ်နိုင်စရာအကြောင်းမရှိပါဘူး။ ဒီဖလားကလည်း ၇၀ ရာခိုင်နှုန်းလောက် သေချာပြီးသားပါ။

နောက်ဆုံးကစားရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကတော့ နည်းနည်း အခက်အခဲ ဖြစ်လာနိုင်ပါတယ်။ ဂျူဗင်တပ်စ်ရဲ့အနေအထားနဲ့ ဘာကာကို နိုင်ဖို့ဆိုတာ အလွန်ခက်ခဲမှာ ဖြစ်ပေမယ့် နောက်ဆုံးအဆင့်ကို ရောက်နေပါပြီ။ ဆယ်စုနှစ်တစ်ခုကျော်ကြာဝေးကွာနေတဲ့ ဗိုလ်လုပွဲမှာ ဂျူဗီတို့ ရှိသမျှအစွမ်းကုန်ရုန်းလာမယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ဒီအခက်အခဲကို MSN တိုက်စစ်က ကျော်ဖြတ်နိုင်မလားဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။ ဒါကို ကျော်နိုင်ရင်တော့ ကြီးကျယ်ခမ်းနားတဲ့ ရာသီတစ်ခုကို ဘာကာတို့ ပိုင်ဆိုင်ခွင့်ရပါလိမ့်မယ်။

ဒါက ဒီရာသီအတွက် ဘာစီလိုနာရဲ့ ရည်မှန်းချက်ပါ။ ဒါပေမဲ့ ဘာစီလိုနာရဲ့လက်ရှိစုဖွဲ့မှုက ဒီတစ်ရာသီတည်းအတွက် အောင်မြင်နိုင်တဲ့ အသင်းမဟုတ်ပါဘူး။ ဂိုးသမားတာစတီဂန်၊ ခံစစ်ပိုင်းက အယ်လ်ဘာ၊ မာရှေယာနို၊ ပီကေး၊ အဲလ်ဗက်စ်၊ ကွင်းလယ်က အင်နီယေစတာ၊ ရာကီတစ်၊ ဘက်စ်ကွက်စ်၊ တိုက်စစ်ပိုင်းက မက်ဆီ၊ နေမာနဲ့ဆွာရက်ဇ်တို့ရဲ့ စုဖွဲ့မှုက လာမယ့် ရာသီတွေမှာလည်း အောင်မြင်မှုတွေဆက်လက်ဆွတ်ခူးနိုင်မယ့် အနေအထားမှာ ရှိနေပါတယ်။ လက်ရှိဘာစီလိုနာအသင်းမှာ အသက်သုံးဆယ်နဲ့အထက် ကစားသမားဆိုလို့ ဂိုးသမား ဘရာဗို၊ အဲလ်ဗက်စ်၊ အင်နီယေစတာ၊ ဇာဗီနဲ့ မာရှေယာနိုတို့ပဲရှိပါတယ်။ ကျန်ကစားသမားအားလုံးက ၂၀ နဲ့ ၂၇ နှစ်ကြားထဲမှာပါ။ အကောင်းဆုံးအချိန်တွေကို ပိုင်ဆိုင်ထားကြတဲ့ ဒီအင်အားကို လာမယ့်ရာသီမှာ ထပ်မံ ဖြည့်တင်းလိုက်မယ်ဆိုရင် ဘာစီလိုနာရဲ့အောင်မြင်မှုတွေက ဆက်လက် အဓွန့်ရှည်နေဦးမှာ သေချာပါတယ်။

Mizzima

0 comments:

Post a Comment