Pages

Subscribe:

Thursday, April 23, 2015

အာဆင်နယ် ကစားသမားတိုင်း အရည်အချင်း ပြည့်ဝသူများဟု ဆန်းချက်ဇ် ချီးကျူး



အာဆင်နယ် ကစားသမားတိုင်း အရည်အချင်း ပြည့်ဝသူများဟု ဆန်းချက်ဇ် ချီးကျူး

အာဆင်နယ်ရှိ ကစားသမားတိုင်းသည် အရည်အချင်း ပြည့်ဝသူများဖြစ်ပြီး ယင်းအတွက် အာဆင်နယ်တွင် ကစားရခြင်းကို ပျော်ရွှင် ဂုဏ်ယူမိကြောင်း အလက်ဆစ် ဆန်းချက်ဇ်က ဖွင့်ဟ ပြောကြားခဲ့သည်။
နွေရာသီ ဈေးကွက်အတွင်း ဘာစီလိုနာမှ ပြောင်းရွှေ့လာပြီးနောက် ချီလီလက်ရွေးစင် တောင်ပံတိုက်စစ်သမားသည် အာဆင်နယ်တွင် အထူးခြေစွမ်းပြ ကစားလျက် ရှိသည်။ အသက်(၂၆)နှစ်ရှိ ဆန်းချက်ဇ်သည် ယခုရာသီ အာဆင်နယ်အတွက် ပြိုင်ပွဲပေါင်းစုံတွင် (၂၂)ဂိုးထိ သွင်းယူပေးထားပြီး PFA အကောင်းဆုံး ဆုအတွက် ဆန်ခါတင် ခြောက်ဦး စာရင်းတွင်လည်း ပါဝင်နေသည်။ “ကျွန်တော့် အသင်းဖော်တွေက တကယ့်ကို ထူးချွန်ပြီး အရည်အချင်း ပြည့်ဝကြပါတယ်။ အာဆင်နယ် ကစားသမား တစ်ယောက်ချင်းစီတိုင်းမှာ အံ့ဩစရာ အရည်အသွေးမျိုးတွေ ပိုင်ဆိုင်ထားကြတယ်။ ဒီအသင်းမှာ ကစားရတာ ပျော်ရွှင်နေပြီး ဆုဖလားတွေ အများကြီး ကျွန်တော် ရယူသွားလိုပါတယ်”ဟု ဆန်းချက်ဇ်က ဆိုသည်။
၎င်းက အာဆင်နယ် အသင်းဖော်များအနက် စပိန်လက်ရွေးစင် ဆန်တီကာဇိုလာနှင့် ပတ်သက်ပြီးမူ အလေးအနက် ညွှန်းဆို ချီးကျူးခဲ့သည်။ ဆန်းချက်ဇ်က ကွင်းလယ်တိုက်စစ်သမား ကာဇိုလာသည် မင်သက်အံ့ဩရလောက်သော ဘောလုံးပညာရှင် တစ်ဦးဟု ဆိုသည်။ “ကာဇိုလာ ဘောလုံးရလာပြီဆိုရင် ဘယ်ခြေနဲ့ ကန်မလား၊ ညာခြေနဲ့ ကန်မလား ဆိုတာကို ဘယ်သူမှ ကြိုမသိနိုင်ဘူး။ သူ့ရွေ့လျားပုံတွေက ထိရောက်တယ်။ ဒါဟာ သူ့ရဲ့ Trademarkလည်း ဖြစ်တယ်။ သူ့အရည်အသွေးတွေကို သေချာသိရတော့ ကာဇိုလာနဲ့ အတူတွဲဖက် ကစားလာရချိန်မှာ ကျွန်တော် အရမ်းပဲ ပျော်ရွှင်မိပါတယ်”ဟုလည်း ဆန်းချက်ဇ်က ဖွင့်ဟသွားသည်။

Soccer Myanmar

0 comments:

Post a Comment