Pages

Subscribe:

Saturday, April 25, 2015

ဒေါ့တ်မန် ကွင်းလယ်လူ ဂွန်ဒိုဂန်ကို ခေါ်ယူရန် ယူနိုက်တက် အရှိန်မြှင့် လုပ်ဆောင်နေ



ဒေါ့တ်မန် ကွင်းလယ်လူ ဂွန်ဒိုဂန်ကို ခေါ်ယူရန် ယူနိုက်တက် အရှိန်မြှင့် လုပ်ဆောင်နေ

မန်ချက်စတာ ယူနိုက်တက် အသင်းသည် ဘိုရပ်ရှားဒေါ့တ်မန် ကွင်းလယ်လူ အိုင်ကေ ဂွန်ဒိုဂန်ကို ခေါ်ယူရေးအတွက် အလေးအနက် လှုပ်ရှားနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

အသက်အရွယ် ရလာပြီဖြစ်သည့် ဝါရင့် ကွင်းလယ်ကစားသမား မိုက်ကယ်ကာရစ်၏ နေရာတွင် ရေရှည် အစားထိုးရန်အတွက် အဆိုပါ ဂျာမန် လက်ရွေးစင်ကို ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က အလိုရှိနေခြင်းဟု သိရသည်။ ပေါင်စတာလင် သန်း(၂၀)ဝန်းကျင် ပေါက်ဈေးရှိသည့် ကစားသမားအတွက် ယူနိုက်တက်၏ ချဉ်းကပ် ဆွေးနွေးမှုများမှာ အဆင်ပြေ ချောမွေ့နေပြီး အပြီးသတ် သဘောတူညီမှု ရရှိရန် နီးစပ်နေပြီဟု သောကြာနေ့တွင် သတင်းများ ထွက်ပေါ်လာခဲ့သည်။ ယူနိုက်တက်သည် ပြီးခဲ့သည့် ရာသီက ဆိုးရွားသော ဖြတ်သန်းမှုမျိုး ကြုံခဲ့ရပြီးနောက် ဘောလုံးရာသီ နှစ်ခုဆက်တိုက် အသုံးစရိတ် ကြီးကြီးမားမားဖြင့် အသင်းကို အားဖြည့်သွားဖွယ် ရှိနေသည်။

ဒေါ့တ်မန်သည် နည်းပြ ယာဂင်ကလော့ပ် စွန့်ခွာသွားမည့် အခြေအနေနှင့်အတူ နွေရာသီတွင် ကစားသမားကောင်းများကို ဆက်လက် ထိန်းသိမ်းထားရန် ခက်ခဲဖွယ် ရှိနေသည်။ လုပ်အားနှုန်း ကောင်းမွန်သလို ဘောလုံးကို ညက်ညက်ညောညော ဖြန့်ဝေ ကစားနိုင်သည့် အသက်(၂၄)နှစ်အရွယ် ဂွန်ဒိုဂန်သည် ကာရစ်၏ နေရာကို ရေရှည် ဆက်ခံသွားနိုင်မည်ဟု ဗန်ဂါးလ်က ယုံကြည်နေသည်။ ကာရစ်သည် မကြာသေးမီကမှ (၁၂)လ သက်တမ်းတိုး စာချုပ်ကို ချုပ်ဆိုထားသော်လည်း ယူနိုက်တက် အနေဖြင့် အသင်းတွင် ၎င်းမရှိတော့မည့် အခြေအနေအတွက် ကြိုတင်တွေးတော ပြင်ဆင်နေပြီ ဖြစ်သည်။

ယူနိုက်တက်သည် ဂွန်ဒိုဂန်အပြင် ၎င်း၏ ဒေါ့တ်မန်နှင့် ဂျာမန်လက်ရွေးစင် အသင်းဖော်ဖြစ်သူ နောက်ခံလူ မတ်စ်ဟမ်မဲလ်စ်ကို ခေါ်ယူရန်လည်း ချိတ်ဆက် ကြိုးပမ်းနေဆဲ ဖြစ်သည်။

Soccer Myanmar

0 comments:

Post a Comment