Pages

Subscribe:

Thursday, April 23, 2015

ပယ်လီဂရီနီနှင့် လမ်းခွဲဖြစ်ပါက ဗီအဲရာကို မန်နေဂျာ အဖြစ် တာဝန် ယူစေရန် မန်စီးတီး ကစားသမားများ လိုလားနေ



ပယ်လီဂရီနီနှင့် လမ်းခွဲဖြစ်ပါက ဗီအဲရာကို မန်နေဂျာ အဖြစ် တာဝန် ယူစေရန် မန်စီးတီး ကစားသမားများ လိုလားနေ

မန်ချက်စတာ စီးတီး အသင်းသား အများစုသည် မန်နေဂျာ မန်နျူရယ်လ် ပယ်လီဂရီနီ ထုတ်ပယ် ခံရပါက ပက်ထရစ် ဗီအဲရာကို ၎င်း၏နေရာ ဆက်ခံစေလိုသည့် ဆန္ဒ ရှိနေကြောင်း သတင်းများ ထွက်ပေါ် လာခဲ့သည်။

ယခုရာသီ ရုန်းကန်နေရသော အခြေအနေများကြောင့် မန်စီးတီးသည် ၎င်းတို့၏ ချီလီသား မန်နေဂျာကို ထုတ်ပယ်ဖွယ် ရှိနေကြောင်း ခန့်မှန်းမှုများ ပျံ့နှံ့နေသည်။ ပြီးခဲ့သည့် ရာသီက မန်စီးတီးကို ပရီးမီးယားလိဂ်နှင့် ကက်ပီတယ်လ်ဝမ်း ဆုဖလားများ ဆွတ်ခူး ရယူပေးနိုင်ခဲ့သော်လည်း ပယ်လီဂရီနီ၏ ယခုရာသီ အသင်းသည် အမှတ်ပေးဇယား ဦးဆောင်သူ ချယ်လ်ဆီးနောက် (၁၂)မှတ်ထိ ပြတ်ကျန်နေခဲ့သည်။ မန်စီးတီးသည် ပယ်လီဂရီနီ နေရာတွင် ဘိုင်ယန်မြူးနစ် နည်းပြ ဂျိုးဆက် ပက်ပ် ဂွာဒီယိုလာနှင့် အစားထိုးနိုင်ရန် မျှော်လင့်နေသော်လည်း ကစားသမား အများစုကမူ ဗီအဲရာကို သဘောကျနေကြောင်း သိရသည်။

အာဆင်နယ် ဂန္ထဝင် အသင်းခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်ခဲ့သည့် ပြင်သစ်သား ဗီအဲရာသည် လတ်တလောတွင် မန်စီးတီး အရန်အသင်းကို မန်နေဂျာအဖြစ် တာဝန်ယူ ကိုင်တွယ်လျက် ရှိသည်။ မန်စီးတီးသည် ပယ်လီဂရီနီကို ထုတ်ပယ်ခြင်း မပြုလျှင်ပင် (၂၀၁၅-၁၆) ရာသီအပြီး ၎င်း၏ စာချုပ်သက်တမ်း ကုန်ဆုံးချိန်တွင်မူ လမ်းခွဲမည့် အလားအလာ ရှိနေသည်။ ဗီအဲရာသည် မန်စီးတီး ကစားသမားများ၏ လေးစားချစ်ခင်မှုကို ခံရသူဖြစ်ပြီး အကယ်၍ ပယ်လီဂရီနီ ထွက်ခွာသွားပါက ၎င်းက အသင်းကို တာဝန်ယူ ဦးဆောင်စေရန် အများစုက လိုလားနေခြင်းလည်း ဖြစ်သည်။

Soccer Myanmar

0 comments:

Post a Comment