Pages

Subscribe:

Thursday, April 23, 2015

အနီကတ်က ပွဲအနေအထားကို ပြောင်းလဲစေခဲ့ဟု အက်သလက်တီကို နည်းပြ ညည်းညူ



အနီကတ်က ပွဲအနေအထားကို ပြောင်းလဲစေခဲ့ဟု အက်သလက်တီကို နည်းပြ ညည်းညူ

တစ်ယောက်လျော့ အနေအထား မဟုတ်သေးမီ အချိန်ထိ ပွဲကို မိမိတို့ ကောင်းစွာ ထိန်းချုပ်နိုင်ခဲ့ကြောင်း ချန်ပီယံလိဂ်မှ ထွက်ခွာခဲ့ရသည့် အက်သလက်တီကို မက်ဒရစ်နည်းပြ ဒီယေဂို ဆီမြွန်းက ညည်းတွား ပြောဆိုခဲ့သည်။

အက်သလက်တီကိုသည် မြို့ခံပြိုင်ဘက် ရီးယဲလ်၏ ဘာနေဗျူးကွင်းတွင် ပွဲပြီးခါနီး (၂)မိနစ် အလို၌ ပေးလိုက်ရသော ဂိုးကြောင့် အရေးနိမ့် ခဲ့သည်။ ရီးယဲလ်သည် နှစ်ကျော့ကစားပြီး ဟာဗီးယား ဟာနန်ဒက်ဇ် သွင်းယူသည့် တစ်လုံးတည်းသော ဂိုးကြောင့် အနိုင် ရရှိခဲ့ခြင်း ဖြစ်သည်။ ဒုတိယအကျော့ ဘာနေဗျူးတွင် ကစားသည့် ပွဲစဉ်တွင် ပွဲပြီးခါနီး (၁၄)မိနစ် အလို၌ အက်သလက်တီကို ကွင်းလယ်လူ အာဒါတူရန်မှ ဒုတိယ အဝါကတ် ပြသခံရပြီး ကွင်းထဲမှ ထွက်ခွာ ခဲ့ရသည်။ ဆီမြွန်းက အဆိုပါ အခြေအနေသည် ပွဲ၏ အဓိက အလှည့်အပြောင်း တစ်ရပ်အဖြစ် ယူဆလျက် ရှိသည်။

အာဂျုင်တီးနား နည်းပြက တူရန်ကို အနီကတ် ပြသခံရခြင်းအတွက် ပြစ်တင်ပြောဆိုရန်မူ ငြင်းဆန်သွားသည်။ “တူရန်ရဲ့ အနီကတ်အကြောင်း ပြောဆိုနေတာက အဓိပ္ပါယ် မရှိပါဘူး။ အခုလည်း အဲဒီကိစ္စက ဘာမှပြန်လုပ်လို့ မရတော့ဘူးလေ။ ဒါပေမဲ့ အဲဒီဖြစ်ရပ် မတိုင်ခင်အထိ ကျွန်တော်တို့က ပွဲကို ထိန်းချုပ်ထားခဲ့တာ ဖြစ်ပါတယ်”ဟု ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ဆီမြွန်းက ပြောကြားခဲ့သည်။ ၎င်းက ရှုံးနိမ့်ခဲ့သည့်တိုင် အကောင်းဆုံး ကြိုးစား ကစားခဲ့သည့် အသင်းသားများကိုလည်း ချီးကျူးစကား ဆိုခဲ့သေးသည်။

“ကျွန်တော်တို့ ကောင်းကောင်း ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ဒီအတွက်လည်း ဂုဏ်ယူမိတယ်။ ကျွန်တော်တို့ဟာ ကြိုးစား အလုပ်လုပ်တဲ့ ကစားသမားတွေ စုစည်းထားတဲ့ အသင်းတစ်ခုပါ။ ဒီအတွက် ဂုဏ်ယူသလို ကစားသမားတွေကို ကျေးဇူးလည်း တင်ပါတယ်။ ပွဲအစ (၁၀)မိနစ်လောက်မှာ ကျွန်တော်တို့ ကောင်းကောင်း မကစားနိုင်ခဲ့တာက လွဲရင် တစ်ပွဲလုံး အနေအထား အရ ကျွန်တော်တို့ လုပ်ဆောင် ခဲ့သမျှ သိပ်မဆိုးပါဘူး။ တစ်ဖက်အသင်းက ဘောလုံး ပိုင်ဆိုင်မှု ပိုရပေမယ့် နေရာလွတ်တွေကို ကျွန်တော်တို့ လိုက်ပိတ် ထားနိုင်တယ်လို့ ခံစားမိပါတယ်” ဟု ဆီမြွန်းက မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment