Pages

Subscribe:

Thursday, April 23, 2015

၁၂ နှစ်အကြာမှာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပြန်တက်လာခဲ့တဲ့ ဂျူဗင်တပ်



၁၂ နှစ်အကြာမှာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပြန်တက်လာခဲ့တဲ့ ဂျူဗင်တပ်

မိုနာကိုအိမ်ကွင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ဒုတိယအကျော့မှာလည်း ဧည့်သည်ဂျူဗင်တပ်က ဂိုးမရှိသရေရလဒ်ထွက်အောင် ကစားနိုင်ခဲ့လို့ ပထမအကျော့က သွင်းယူထားတဲ့ တစ်လုံးတည်းသော ဂိုးနဲ့ ဆီမီးဖိုင်နယ်တက်လာခဲ့ပါတယ်။ ၁၂ နှစ်ကြာအောင် စောင့်ဆိုင်းခဲ့ရပြီးတဲ့နောက် ဂျူဗင်တပ်ဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ပထမဆုံး အကြိမ် တက်လှမ်းလာနိုင်ခဲ့ပြီဖြစ်ပါတယ်။
ဂျူဗင်တပ်က ထူးထူးခြားခြားပဲ ပီယာလို၊ မာချီစီယို၊ ဗီဒယ်၊ တိဗက်ဇ်၊ မိုရာတာ စတဲ့ကစားသမားတွေနဲ့အတူ ၃-၅-၂ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပါတယ်။ မိုနာကိုက ဘာဘာတော့ဗ်ကို ပွဲထွက်စာရင်းမှာ မထည့်ပဲ ကာရက်စ်ကို၊ ဆေးလ်ဗား၊ မာရှယ်တို့ကို ပွဲထွက်စေခဲ့ပါတယ်။ ပွဲစပြီး တစ်မိနစ်အကြာမှာတင် ဘောလုံးကို လက်နဲ့တားခဲ့လို့ ဂျူဗင်တပ်ကနောက်ခံလူ ချီလီနီ အဝါကတ်ပြသခံခဲ့ရပါတယ်။ မိုနာကိုအသင်းက ဂျူဗင်တပ်ဘက်ကို ဖိအားပေးကစားဖို့ ကြိုးစားခဲ့ပေမယ့်လည်း အဆုံးသတ်ဖန်တီးမှုတွေနဲ့ ကန်ချက်တွေ မတိကျခဲ့တာကြောင့် ဂိုးပေါက်ကိုသိပ်ပြီး မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။
ပထမပိုင်းပြီးခါနီးမှာ ဂျူဗင်တပ်ဘက်က ဖျက်ထုတ်ပုံကြမ်းလို့ မိုနာကို ကစားသမားတွေ ပင်နယ်တီတောင်းပေမယ့် ဒိုင်ကလျစ်လျူရှုခဲ့ပါတယ်။ ဒုတိယပိုင်းအရောက်မှာ မိုနာကိုအသင်းရဲ့ ဖိအားပေးမှု ပိုမိုပြင်းထန်လာပြီး ဂျူဗင်တပ်ကတော့ တန်ပြန်တိုက်စစ်ကိုသာ အဓိကထား ကစားနေခဲ့ရပါတယ်။ ပင်နယ်တီဧရိယာနား ရောက်လာတဲ့ ထိုးဖောက်မှုတိုင်းကို နှစ်ဖက်အသင်းက ကြမ်းတမ်းစွာ ဖျက်ထုတ် ကစားနေခဲ့ကြတာလည်း တွေ့ရပါတယ်။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ ဘာဘာတော့ဗ်လည်း ဂိုးရဖို့ ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့လို့ ဂိုးမရှိသရေနဲ့သာ ပွဲပြီးဆုံးခဲ့ပါတယ်။
ပွဲကြမ်းတစ်ပွဲဖြစ်ခဲ့ပြီး မိုနာကိုနဲ့ ဂျူဗင်တပ်ဟာ ဂိုးပေါက်ကို တစ်ကြိမ်စီသာ ကန်သွင်းခွင့် ရရှိခဲ့တာ တွေ့ရပါတယ်။ ဂျူဗင်တပ်တိုက်စစ်မှူး ကားလို့စ်တိဗက်ဇ် ကွင်းလယ်ဒိုင်ကို စောဒကပြင်းထန်စွာ တက်ခဲ့လို့ အဝါကတ်ပြား ပြသခံခဲ့ရပါတယ်။ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ဒုတိယအကျော့၊ ဒုတိယနေ့ ပွဲစဉ်နှစ်ပွဲရဲ့ ထူးခြားချက်ကတော့ ဆီမီးဖိုင်နယ်တက်ခဲ့တဲ့ ဂျူဗင်တပ်နဲ့ ရီးရဲလ်မက်ဒရစ် နှစ်သင်းလုံး နှစ်ကျော့ပေါင်းမှ တစ်ဂိုးစီသွင်းနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဂျူဗင်တပ်ကတော့ ပထမအကျော့မှာ ဗီဒယ်ရဲ့ ပင်နယ်တီနဲ့ အနိုင်ရထားခဲ့တာဖြစ်ပါတယ်။

Soccer Myanmar

0 comments:

Post a Comment