Pages

Subscribe:

Wednesday, April 22, 2015

ဆီမီးဖိုင်နယ်တက်ဖို့ အသလက်တီကိုဆီက နိုင်ပွဲယူမယ့် ရီးရဲလ်မက်ဒရစ် (ချန်ပီယံလိဂ်ပွဲကြို သုံးသပ်ချက်)



ဆီမီးဖိုင်နယ်တက်ဖို့ အသလက်တီကိုဆီက နိုင်ပွဲယူမယ့် ရီးရဲလ်မက်ဒရစ် (ချန်ပီယံလိဂ်ပွဲကြို သုံးသပ်ချက်)

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ အသီးသီးတက်ရောက်သွားခဲ့ကြပြီးတဲ့နောက် ဒီနေ့ညမှာ ရီးရဲလ်မက်ဒရစ်နဲ့ အသလက်တီကို၊ မိုနာကိုနဲ့ ဂျူဗင်တပ် ပွဲစဉ်နှစ်ပွဲ ဆက်လက်ကစားကြမှာ ဖြစ်ပါတယ်။ ပထမအကျော့ အသလက်တီကိုအိမ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့စဉ်က ဂိုးမရှိသရေနဲ့သာ ပြီးဆုံးခဲ့တဲ့အတွက် မက်ဒရစ်ဒါဘီဟာ နှစ်သင်းလုံးအတွက် အခွင့်အရေး ဆတူရှိနေပါသေးတယ်။ ဂျူဗင်တပ်ကလည်း မိုနာကိုအသင်းကို အိမ်ကွင်းမှာ ၁-၀ ဆိုတဲ့ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့သာ အနိုင်ရထားတာကြောင့် ဒီနေ့မိုနာကိုအိမ်ကွင်းမှာ ကစားမယ့်ပွဲစဉ်ဟာ စိတ်ဝင်စားစရာတွေ ပြည့်နေဦးမှာပါ။

ရီးရဲလ်မက်ဒရစ် – အသလက်တီကို
မက်ဒရစ်ဒါဘီဆိုရင် အကြိတ်အနယ်ဖြစ်လေ့ရှိတဲ့ အစဉ်အလာကြောင့် ဒီနေ့ညပွဲစဉ်က အားလုံးအတွက် စိတ်ဝင်စားစရာဖြစ်နေပါသေးတယ်။ အသလက်တီကိုနဲ့တွေ့ရင် အမြဲပဲ ရုန်းကန်ရလေ့ရှိတဲ အစဉ်အလာကို ရီးရဲလ်မက်ဒရစ် ကြုံတွေ့နေရဆဲဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အိမ်ကွင်း ကယ်ဒါရွန်မှာလည်း အသလက်တီကို သိပ်ပြီးရလေ့ကောင်းလေ့မရှိတာကို သတိထားရပါမယ်။ သေချာတာကတော့ ဒီနေ့ပွဲစဉ်ဟာ ပထမအကျော့က အတိုင်း နှစ်သင်းလုံးဂိုးမသွင်းခဲ့ရင် အချိန်ပိုအထိရောက်သွားမယ်ဆိုတာပါပဲ။
ရီးရဲလ်မက်ဒရစ်အခြေအနေ
အိမ်ကွင်းအားသာချက်ရှိပေမယ့် ရီးရဲလ်မက်ဒရစ်အတွက် စိုးရိမ်စရာကောင်းတဲ့ အခြေအနေကို ရောက်နေပါတယ်။ ဂါရက်ဘေးလ်ရော လူကာမိုဒရစ်ပါ ဒဏ်ရာကြောင့် ဒီပွဲကိုသေချာပေါက် လွဲချော်ရမှာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်တိုက်စစ်အတွက် အရေးအပါဆုံး ကစားသမားနှစ်ဦးမပါဝင်နိုင် တာကြောင့် နည်းပြအန်ဆလော့တီအတွက် ခေါင်းခဲစရာပုစ္ဆာတစ်ပုဒ်ဖြစ်ပါတယ်။ ဒီကစားသမားနှစ်ဦးအပြင် တိုက်စစ်ကိုလိုက်ပါပေးတဲ့ နောက်ခံလူ မာဆယ်လိုကလည်း ပွဲပယ်ခံထားရပါတယ်။ ဘန်ဇီမားလည်း ဒီပွဲပါနိုင်ဖို့ ငါးဆယ်ရာခိုင်နှုန်းပဲ သေချာတဲ့ သဘောမှာ ရှိနေပါတယ်။ ဒီဒဏ်ရာရ ပွဲပယ်ပြဿနာတွေကြောင့် ဒီနေ့ပွဲမှာ ရီးရဲလ်မက်ဒရစ်အခင်းအကျင်းဟာ အရင်နဲ့ မတူနိုင်တာကို သတိပြုရမှာပါ။
ရီးရဲလ်မက်ဒရစ်ဘက်မှာ အစ္စကိုက ကွင်းလယ်မှာ အဓိကကျလာနိုင်ပါတယ်။ ဒဏ်ရာကပြန်သက်သာလာတဲ့ ရိုဒရီဂွက်ဇ်လည်း ပါလာနိုင်ပါတယ်။ ပြီးခဲ့တဲ့တပတ်က မာလာဂါနဲ့ ပွဲမှာကစားခဲ့တဲ့ ဟာနက်ဒက်ဇ်တောင် ပွဲထွက်လာနိုင်ပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့
အခင်းအကျင်းဟာ ၄-၄-၂ ပုံစံဖြစ်လာနိုင်ပါတယ်။
အသလက်တီကိုဘက်မှာတော့ ပွဲပယ်ခံထားတဲ့ မာရီယိုဆွာရက်ဇ်ကလွဲလို့ ကျန်ကစားသမားတွေ အားလုံး ပါဝင်နိုင်မှာ ဖြစ်ပါတယ်။ ဧည်သည့်အသလက်တီကိုအတွက် ကစားသမားအစုံအလင် ပါဝင်နိုင်တာက အသက်ရှုချောင်စေမယ့် အချက်ဖြစ်ပါတယ်။
စိတ်ဝင်စားဖွယ်အချက်အလက်
အသက်လက်တီကိုဟာ ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်နဲ့ ပြိုင်ပွဲအရပ်ရပ်မှာ တွေ့ဆုံမှု ခုနှစ်ကြိမ်ရှိသွားပြီဖြစ်ပါတယ်။ တစ်ကြိမ်မှ ရီးရဲလ်မက်ဒရစ်ကို မရှုံးသေးတာကတော့ အသလက်တီကို အသင်းကို မဖြစ်မနေချီးကျူးရမယ့် အချက်ဖြစ်ပါတယ်။ အိမ်ကွင်းအဝေးကွင်းမရွေးပဲ အသလက်တီကိုဟာ ရီးရဲလ်မက်ဒရစ်ကို ဒုက္ခပေးနေတဲ့ အသင်းဖြစ်ပါတယ်။
ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်ဟာ အိမ်ကွင်းမှာ အသလက်တီကိုနဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၁၉ ကြိမ်မှာ နှစ်ပွဲပဲ ရှုံးထားပါတယ်။ ရီးရဲလ်က နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ် ၇ ပွဲမှာ ၆ ပွဲကို ပေးဂိုးမရှိအောင် ကစားနိုင်ခဲ့ပြီး အသလက်တီကိုကတော့ ၈ ပွဲမှာ ၇ ပွဲကို ပေးဂိုးမရှိအောင် စွမ်းဆောင်ထားနိုင်ပါတယ်။ ဒီနှစ်သင်းလုံးဟာ တိုက်စစ်မှာလည်း အားနည်းချက်သိပ်မရှိသလို ခံစစ်ပိုင်းကလည်း အကောင်းဆုံး ဖြစ်တယ်ဆိုတာ မှတ်တမ်းတွေက သက်သေပြထားပါတယ်။
သုံးသပ်ချက်
ပထမအကျော့ကလိုတော့ ဂိုးမရှိသရေရလဒ်ထွက်လာဖို့ သိပ်မလွယ်ပါဘူး။ ဒါပေမယ့် ဂိုးလည်း အပြန်အလှန်း သွင်းမယ်လို့ မယူဆနိုင်ပါဘူး။ ခံစစ်ကို အသေချာထိန်းကစားကြမှာ ဖြစ်ပါတယ်။ ဒီရာသီမှာ အသလက်တီကို အသင်းကို တစ်ကြိမ်မှ မနိုင်သေးတဲ့ စံချိန်ကို ရီးရဲလ်မက်ဒရစ် ချိုးဖျက်နိုင်မယ်လို့ ယူဆပါတယ်။ ရီးရဲလ်မက်ဒရစ် ၁-၀ ဒါမှမဟုတ် ၂-၁ ရလဒ်မျိုး ဖြစ်သွားနိုင်ပါတယ်။

မိုနာကို – ဂျူဗင်တပ်
ဂျူဗင်တပ်က အီတလီမြေမှာ တစ်လုံးတည်းသောဂိုးနဲ့သာ အနိုင်ရခဲ့တဲ့အတွက် နောက်တဆင့်တက်ဖို့ အတွက်စိတ်မချရသေးပါဘူး။ မိုနာကိုဘက်မှာလည်း အခွင့်အရေး အပြည့်အဝ ရှိနေပါသေးတယ်။ ဒါပေမယ့် မိုနာကိုဟာ ကွာတားဖိုင်နယ်ရောက် အသင်းတွေထဲမှာ ခြေစွမ်းပိုင်းအရ ထိပ်တန်းအသင်းမဟုတ်လို့ အများကြီး မျှော်လင့်လို့တော့ မရနိုင်ပါဘူး။
ဂျူဗင်တပ်ဘက်မှာ ပေါ့ဂ်ဘာ၊ ဆီဆီရက်စ်၊ အဆာမို တို့ပါဝင်နိုင်မှာမဟုတ်ပါဘူး။ ဗီဒယ်လည်း ပါနိုင်ဖို့ မသေချာဖြစ်နေပါတယ်။ မိုနာကိုဘက်မှာ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ကွန်ဒေါ့ဘီယာ မပါနိုင်သေးတာက တော့ အိမ်ရှင်အတွက် အတော်လေး အားနည်းစေပါတယ်။
မိုနာကိုရဲ့ ဒီနှစ်ချန်ပီယံလိဂ် ပွဲစဉ်တွေကိုကြည့်ရင် ကိုးဆယ်ရာခိုင်နှုန်းလောက်က ဂိုးအနည်းငယ်နဲ့သာ ပြီးဆုံးခဲ့တာ တွေ့ရပါတယ်။ ဂျူဗင်တပ်ကတော့ ချန်ပီယံလိဂ်မှာ ခြေစွမ်းအမှန်ဆုံး အသင်းစာရင်းထဲမှာ ပါနေပြီး နောက်ဆုံးခြောက်ပွဲမှာ ငါးပွဲအထိ အနိုင်ရထားပါတယ်။ မိုနာကိုကွင်းဖြစ်နေလို့ ပထမအကျော့တုန်းကလို ဂျူဗင်တပ် ပွဲစဉ်တစ်လျှောက်လုံး ဖိအားပေးကစားနိုင်မှာမဟုတ်ပါဘူး။
မိုနာကိုဘက်မှာ တိုက်စစ်ကို ဘာဘာတော့ဗ် ဦးဆောင်လာဦးမှာ ဖြစ်သလို ဂျူဗင်တပ်တိုက်စစ်ကိုလည်းတိဗက်ဇ်နဲ့ မိုရာတာတို့ ဦးဆောင်လာမှာပါ။ မထင်မှတ်ပဲ အပြန်အလှန်သွင်းဂိုးတွေကို မြင်တွေ့သွားရနိုင်ပါတယ်။ တစ်ဖက်တစ်ဂိုးစီလောက်နဲ့ ပွဲပြီးဆုံးသွားနိုင်သလို ဒီထက်လည်း များရင်များနိုင်ပါတယ်။ ဂျူဗင်တပ် မရှုံးနိုင်ပါဘူး။ နောက်တဆင့်တက်မှာ ဂျူဗင်တပ်ပါပဲ။

Soccer Myanmar

0 comments:

Post a Comment