Pages

Subscribe:

Sunday, April 26, 2015

ဘဲလ်ဂရိတ်ဒါဘီမှာ ပရိသတ်များနှင့် ရဲများ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွား



ဘဲလ်ဂရိတ်ဒါဘီမှာ ပရိသတ်များနှင့် ရဲများ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွား
Written by  အောင်ငြိမ်းသွေး

(ဘဲလ်ဂရိတ်)။ ။ ဆားဘီးယား အမှတ်ပေးပြိုင်ပွဲ၏ အပြင်းထန်ဆုံး ဒါဘီပွဲစဉ်ဖြစ်သော ရက်စတားဘဲလ်ဂရိတ် အသင်းနှင့် ပါတီဇန်ဘဲလ်ဂရိတ် အသင်းတို့၏ ပွဲစဉ်တွင် ပရိသတ်များနှင့် ရဲများအကြား အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့်အတွက် ပွဲကို မိနစ် ၄၀ ခန့် ရပ်နားခဲ့ရသည်။

ပွဲစပြီး မကြာမီ မိနစ်ပိုင်းအတွင်းမှာပင် အနောက်ဖက်ပွဲကြည့်စင်တန်းမှ စတင်ကာ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ ထိုအကြမ်းဖက်မှုများကို ရဲများက နှိမ်နင်းရာတွင် ပရိသတ်များနှင့် ရဲများအကြား ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။ ထိုဖြစ်ရပ်များကြောင့် ဒိုင်လူကြီးကလည်း ပွဲကို ရပ်နားခဲ့ပြီး ကစားသမားများကို ကွင်းအတွင်းမှ ထွက်ခွာရန် ညွှန်ကြားခဲ့သည်။

ပရိသတ်များသည် ရဲများကို ထိုင်ခုံများ၊ မီးရူးမီးပန်းများနှင့် ပစ်ပေါက်ပြီး တိုက်ခိုက်ခဲ့ကြသည်။ ပရိသတ်များ၏ တိုက်ခိုက်မှုကြောင့် ရဲဝန်ထမ်း ၃၅ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဆားဘီးယားနိုင်ငံအာဏာပိုင်များက ကြေညာခဲ့သည်။ ပရိသတ် ၄၁ ဦးလည်း ဖမ်းဆီးခံခဲ့ရပြီး အချိုကပရိသတ်များမှာ သွေးထွက်သံယိုဖြစ်ပွားခဲ့ကြသည်။

မိနစ် ၄၀ ကျော်အကြာတွင် အခြေအနေများကို ထိန်းသိမ်းနိုင်ခဲ့ပြီး ပွဲကို ဆက်လက်ကစားခဲ့ရာ ဂိုးမရှိသရေဖြင့် ပြီးဆုံးခဲ့သည်။ ထိုနှစ်သင်းတွေ့ဆုံသည့် ပွဲစဉ်တိုင်း ပြဿနာများဖြစ်ပွားလေ့ရှိပြီး ၂၀၁၃ ခုနှစ်ကလည်း ပရိသတ် ၁၀၄ ဦးအထိ ဖမ်းဆီးခံခဲ့ရသည်အထိ အကြမ်းဖက်မှုဖြစ်ပွားခဲ့သည်။

လက်ရှိအချိန်တွင် ဆားဘီးယားလိဂ်အမှတ်ပေးပြိုင်ပွဲတွင် ပါတီဇန်အသင်းက ရမှတ် ၅၇ မှတ်ဖြင့် ဦးဆောင်နေပြီး ရက်စတားအသင်းက ၅၂ မှတ်ဖြင့် ဒုတိယနေရာတွင် ရှိနေသည်။ လိဂ်ပွဲစဉ်ပြီးဆုံးရန် ခြောက်ပွဲသာ လိုအပ်တော့သည့်အတွက် ပြိုင်ဆိုင်မှုမှာ ပြင်းထန်ခဲ့ခြင်းဖြစ်သည်။

ရည်ညွှန်း - ဂိုးလ်ဒေါ့ကွန်း

Mizzima

0 comments:

Post a Comment