Pages

Subscribe:

Tuesday, April 28, 2015

အဲဗာတန်နှင့်ပွဲမှ ယူနိုက်တက်၏ စိတ်ဓာတ်ပိုင်း အားနည်းချက်များကို ဗန်ဂါးလ် ဝေဖန်



အဲဗာတန်နှင့်ပွဲမှ ယူနိုက်တက်၏ စိတ်ဓာတ်ပိုင်း အားနည်းချက်များကို ဗန်ဂါးလ် ဝေဖန်

အဲဗာတန်ကို အရေးနိမ့် ခဲ့ရာ၌ အသင်း၏ စိတ်ဓာတ်ပိုင်းကို ဝေဖန်ခဲ့ပြီး ပွဲမစမီ သွေးပူ လေ့ကျင့်ခန်း လုပ်နေကတည်းက မိမိတို့ ရှုံးတော့မည်ဟု ခံစားမိခဲ့ကြောင်း မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က ဝေဖန် ပြောကြားလိုက်သည်။

၎င်းက ဂွတ်ဒီဆင်ပါ့ခ်တွင် အဲဗာတန်ကို (၃-၀)ဖြင့် ပြတ်သားစွာ အရေးနိမ့်ခဲ့သည့် ပွဲစဉ်၌ အသင်းသားများ အနေဖြင့် နိုင်ပွဲဆာလောင်မှု ကင်းမဲ့စွာ ကစားခဲ့ကြောင်း စွပ်စွဲခဲ့သည်။ အဆိုပါ အရှုံး ရလဒ်ကြောင့် ယူနိုက်တက်၏ လာမည့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် များသည် အတန်ငယ် စိုးရိမ်စရာ ဖြစ်လာသည်။ ယူနိုက်တက်သည် ပြီးခဲ့သည့် ပွဲစဉ်ကလည်း ချယ်လ်ဆီးကို (၁-၀)ဖြင့် အရေးနိမ့်ထားရာ အဝေးကွင်း နှစ်ပွဲဆက် ရမှတ်ဗလာဖြင့် အိမ်ပြန်ခဲ့ရသလို နှစ်ပွဲတွင် လေးဂိုးထိ အသွင်းခံခဲ့ရသည်။ အဲဗာတန်အတွက် ဂျိမ်းစ်မက္ကာသီ၊ ဂျွန်စတုန်းနှင့် ကီဗင်မီရဲလက်စ်တို့က ဂိုးများ အသီးသီး သွင်းယူပြီး ခမ်းနားသော အောင်ပွဲကို ပရိသတ်များအတွက် ဆောင်ကြဉ်းပေးခဲ့သည်။

ဗန်ဂါးလ်က ဂွတ်ဒီဆင်ပါ့ခ်တွင် ပွဲမစမီ လေ့ကျင့်ခန်း လုပ်နေကတည်းက အသင်း၏ ပုံစံကို မိမိရော၊ လက်ထောက်နှစ်ဦးဖြစ်သည့် ရိုင်ယန်ဂစ်နှင့် အဲလ်ဘတ် စတွိုင်ဗန်ဘာ့ဂ်တို့ပါ စိုးရိမ်မကင်း ဖြစ်ခဲ့ကြောင်း ဝန်ခံခဲ့သည်။ “ကိုယ်က ဘောလုံးကို အချိန်အများကြီး ကိုင်ထားမယ်ဆိုရင် အချိန်မရွေး ဘောလုံး ဆုံးရှုံးသွားနိုင်တယ် ဆိုတာကိုလည်း သိဖို့လိုတယ်။ အဲဒီလို အနေအထားမှာ တစ်ဦးချင်း ယှဉ်လုတဲ့အခါ ကိုယ့်ဘက်က အရမ်း ထက်မြက်နေတာမျိုး ဖြစ်ဖို့လိုတယ်။ ဒါပေမဲ့ ပွဲစပြီး လေးမိနစ်မှာတင် မြင်သာနေပြီ။ ဘောလုံး ယှဉ်လုမှု သုံးကြိမ်ဆက်တိုက် ကျွန်တော်တို့ဘက်က အောက်စည်းရောက်နေခဲ့တယ်။ ဒါက ဥပမာ တစ်ခုပဲ ရှိသေးတယ်”ဟု ဗန်ဂါးလ်က ဆိုသည်။

၎င်းက “ကျွန်တော့်အသင်းရဲ့ စိတ်ဓာတ်တက်ကြွမှု၊ လွှမ်းမိုးနိုင်စွမ်းနဲ့ အင်တိုက်အားတိုက် ရှိမှုတွေ အားလုံးဟာ ပြိုင်ဘက်ထက် အဘက်ဘက်က နိမ့်ကျနေတာ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။ အားကစား တစ်ခုမှာ ကိုယ်က ပြိုင်ဘက်နဲ့ အရာရာ ယှဉ်ကြည့်နေဖို့ လိုတယ်။ ပြိုင်ဘက်ထက် အလုံးစုံ နိမ့်ကျနေခြင်းဟာ ရှုံးနိမ့်ရတဲ့ အကြောင်းရင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်အပြင် ဂစ်ရော၊ စတွိုင်ဗန်ဘာ့ဂ်ပါ တူညီတဲ့ အခြေအနေမျိုး ခံစားမိခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ သွေးပူလေ့ကျင့်ခန်း လုပ်နေကတည်းက အသင်းက ပုံမှန် အနေအထားကောင်းမျိုး ရှိမနေခဲ့ဘူး။ ဒီအချိန်ဆိုတာ ပွဲမကစားခင် နောက်ဆုံးမိနစ်ပိုင်းလေ။ အဲဒီကျမှ ကစားသမားတွေ နိုးကြားတက်ကြွလာအောင် လှုံ့ဆော်အားပေးဖို့ ဆိုတာက အရမ်းကို နောက်ကျနေပြီ”ဟုလည်း ဖွင့်ဟခဲ့သည်။

ဗန်ဂါးလ်က “ကိုယ်က ပွဲတစ်ပွဲ ကစားမယ်ဆိုရင် အဲဒီမတိုင်ခင် နှစ်ရက်၊ သုံးရက်ကတည်းက ကြိုတင် ပြင်ဆင်ထားရမယ်။ အဲဗာတန်က ဒါကို အကောင်းဆုံး လုပ်နိုင်ခဲ့တယ်။ အဲဗာတန်က နိုင်သွားတယ်ဆိုတာ ပထမပိုင်းမှာ ကျွန်တော်တို့ အခွင့်အလမ်းတွေ ဖန်တီးပြီး အသုံးမချနိုင်ခဲ့တာကြောင့်လည်း ပါတယ်။ ငါးကြိမ်လောက်ထိ ကျွန်တော်တို့ အခွင့်အရေး ရခဲ့တယ်လို့ ထင်တယ်။ ဒါပေမဲ့ ဂိုးမသွင်းနိုင်ခဲ့ဘူး။ ဂိုးပေါက် ကန်သွင်းမှုတွေကို ကြည့်လိုက်ရင် ပြတ်ပြတ်သားသား တစ်ခုမှ မရှိဘူး။ အဲဒီအခြေအနေကတော့ ကျေနပ်စရာ မဟုတ်ဘူးလေ”ဟုလည်း ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment