Pages

Subscribe:

Thursday, April 30, 2015

ကစားသမား အပြောင်းအရွှေ့ ပိတ်ပင် ခံရနိုင်ကြောင်း သတင်းများကို ရီးယဲလ်ငြင်းဆို



ကစားသမား အပြောင်းအရွှေ့ ပိတ်ပင် ခံရနိုင်ကြောင်း သတင်းများကို ရီးယဲလ်ငြင်းဆို

သတ်မှတ် စည်းမျဉ်းများကို ကျော်လွန်ကာ လူငယ် ကစားသမားများ စုစည်းခေါ်ယူမှု အတွက် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA)၏ အရေးယူမှုနှင့် ကြုံရနိုင်ကြောင်း သတင်းများကို ရီးယဲလ်မက်ဒရစ်က ငြင်းချက် ထုတ်ခဲ့သည်။

ရီးယဲလ်၏ စပိန်ပြည်တွင်းပြိုင်ဘက် ဘာစီလိုနာသည် လူငယ်သွေးသစ်များကို FIFA၏ သတ်မှတ်ချက်ထက် ဘောင်ကျော်ပြီး သိမ်းသွင်းခေါ်ယူခဲ့သည့်အတွက် အပြောင်းအရွှေ့ ဈေးကွက်ကာလနှစ်ခုတွင် ကစားသမားသစ် ခေါ်ယူခွင့် ပိတ်ပင်ခံရသည်။ ရီးယဲလ်နှင့်အတူ ၎င်း၏ မြို့ခံပြိုင်ဘက် အက်သလက်တီကို မက်ဒရစ်တို့သည်လည်း ဘာစီလိုနာနည်းတူ ပြစ်ဒဏ် ကျူးလွန်ခဲ့ခြင်းကြောင့် အလားတူ ပြစ်ဒဏ်မျိုး ကျခံရဖွယ် ရှိကြောင်း ကောလာဟလများ ပျံ့နှံ့လာခဲ့သည်။ သို့သော်လည်း ယင်းအခြေအနေကို စပိန်ကလပ်က ကြေညာချက်ထုတ်ပြန်ကာ ငြင်းဆိုသွားခဲ့ကြောင်း သိရသည်။

ရီးယဲလ်သည် ဇန်နဝါရီ ဈေးကွက်ကာလအတွင်းက ကစားသမားသစ် လေးဦးကို ခေါ်ယူခဲ့သလို လာမည့်နွေရာသီတွင် မန်ချက်စတာ ယူနိုက်တက် ဂိုးသမား ဒေးဗစ်ဒီဂီယာကို ဝယ်ယူနိုင်ရန် ပစ်မှတ်ထား ကြိုးစားနေသည်။ အကယ်၍ တစ်နှစ်မျှ အပြောင်းအရွှေ့ ပိတ်ပင်မှုမျိုး ကြုံရပါက ရီးယဲလ်၏ အပြောင်းအရွှေ့ စီမံကိန်းများတွင် ကြီးမားစွာ ထိခိုက်သက်ရောက်လာမည် ဖြစ်သည်။ ရီးယဲလ်သည် ဇန်နဝါရီလအတွင်း အသက်(၁၆)နှစ်အရွယ် မာတင်အိုဒီဂါ့ဒ်၊ အသက်(၁၉)နှစ်ရှိ မာကို အေဆန်စီယို၊ ဘရာဇီးလ် ကွင်းလယ်လူ လူးကက်စ်ဆေးလ်ဗားတို့အပြင် ပေါ်တို၏ ညာတောင်ပံ ခံစစ်မှူး ဒန်နီလိုတို့ကိုပါ ခပ်သွက်သွက် ခေါ်ယူခဲ့ရာ အပြောင်းအရွှေ့ လုပ်ဆောင်ခွင့် ပိတ်ပင်မှု မတိုင်မီ လက်ဦးမှုယူ၍ အင်အားဖြည့်တင်းထားခြင်းဟု ခန့်မှန်းချက်များ ထွက်ပေါ်ခဲ့သည်။

သို့သော်လည်း ရီးယဲလ်က မိမိတို့သည် FIFA၏ စည်းမျဉ်းစည်းကမ်းများကို ရိုသေလေးစားစွာ လိုက်နာကြောင်းနှင့် မူမမှန်သည့် မည်သည့် အပြောင်းအရွှေ့ လှုပ်ရှားမှုကိုမျှ မကျူးလွန်ခဲ့ကြောင်း ကြေညာချက်ထုတ်ပြန် ဖြေရှင်းခဲ့သည်။ ဘာစီလိုနာ အသင်းသည် (၂၀၁၃)ခုနှစ်၊ ဧပြီလအတွင်းက လူငယ်ခြေတက် ကစားသမားလေး အချို့ကို FIFA၏ သတ်မှတ်ချက်ထက် ဘောင်ကျော်ပြီး ခေါ်ယူ ခဲ့မှုကြောင့် ပြီးခဲ့သည့် ဆောင်းရာသီ ဈေးကွက်နှင့် လာမည့် နွေရာသီ ဈေးကွက်ကာလများတွင် ကစားသမားသစ် ခေါ်ယူခွင့် ပိတ်ပင်ခံထားရသည်။

Soccer Myanmar

0 comments:

Post a Comment