Pages

Subscribe:

Saturday, April 25, 2015

ပရီးမီးယားလိဂ် ချန်ပီယံဆုသည် ချယ်လ်ဆီး၏ အောင်မြင်မှုများ အတွက် ရှေ့ပြေးအစပြုမှု ဖြစ်မည်ဟု အော်စကာဆို



ပရီးမီးယားလိဂ် ချန်ပီယံဆုသည် ချယ်လ်ဆီး၏ အောင်မြင်မှုများ အတွက် ရှေ့ပြေးအစပြုမှု ဖြစ်မည်ဟု အော်စကာဆို

ချယ်လ်ဆီး အသင်းသာ ယခုရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆု ရရှိခဲ့ပါက ယင်းသည် အနာဂတ် အောင်မြင်မှုများ အတွက် ရှေ့ပြေး အစပြုမှုမျှသာ ဖြစ်လိမ့်မည်ဟု ကွင်းလယ် ကစားသမား အော်စကာက ပြောကြား သွားခဲ့သည်။
မန်နေဂျာ ဟိုဆေးမော်ရင်ဟို၏ အသင်းသည် လက်ရှိ အနေအထားအရ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို (၁၀)မှတ်ဖြတ် ဦးဆောင်နေပြီး နောက်ထပ် လက်ကျန် (၂)ပွဲမျှ အနိုင်ရလိုက်ရုံဖြင့် ဆုဖလားကို သိမ်းပိုက်နိုင်တော့မည် ဖြစ်သည်။ ဘရာဇီးလ် လက်ရွေးစင် အော်စကာက ယခုရာသီ ချန်ပီယံ ဖြစ်လိုက်မည် ဆိုပါက ပရီးမီးယား လိဂ်ကို ချယ်လ်ဆီးက လွှမ်းမိုးသော ခေတ်တစ်ခု အစပြုနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဆိုသည်။ “ဟုတ်တယ်။ တကယ်ပဲ အဲဒီလို မျှော်လင့်မိပါတယ်။ လက်ရှိ အသင်းက တကယ့်ကို ငယ်ရွယ်နုပျိုဆဲပါ။ ကျွန်တော်တို့ဟာ အတူတကွ စုစည်းပြီး နောက်ထပ် အကြာကြီး ဆက်ကစားနိုင်ပါသေးတယ်” ဟု အော်စကာက မှတ်ချက်ပြုခဲ့သည်။
၎င်းက “ချယ်လ်ဆီးဟာ အချိန်တိုင်း တဖြည်းဖြည်း တိုးတက်ဖြစ်ထွန်းလာနေတယ်။ ဒါက ကစားသမားတွေ အတွက်ရော၊ အသင်းအတွက်ပါ ကောင်းမွန်ပါတယ်။ အသင်းမှာ အတူတွဲ ကစားရင်း ကွင်းထဲမှာ တစ်ယောက်ဘာလုပ်တော့မယ် ဆိုတာကို တစ်ယောက်က သိနေတဲ့အထိ အတွဲညီလာပါတယ်”ဟုလည်း ဆိုသည်။ အော်စကာက ချန်ပီယံဆုနှင့် အလွန် အလှမ်းနီးနေသော်လည်း ပေါ့ဆ၍ မရသေးကြောင်းလည်း ဝန်ခံခဲ့သည်။ “ချန်ပီယံဖြစ်ဖို့ အရမ်းနီးစပ်နေမှန်း သိပါတယ်။ ဒါပေမဲ့ ရှေ့မှာ ခက်ခဲတဲ့ စိန်ခေါ်မှုတချို့ ကျန်နေတုန်းပဲ။ တကယ်လို့သာ ဆုဖလားကို ကျွန်တော်တို့ ကိုင်မြှောက်ခွင့် ရခဲ့မယ်ဆိုရင် ဒါဟာ ကောင်းမွန်တဲ့ ရာသီတစ်ခု ဖြစ်လာမှာပါ။ ပြီးတော့ နောက်ထပ်လည်း ဒီလိုရာသီတွေ ဖြတ်သန်းခွင့်ရဖို့ ကျွန်တော်တို့ ကြိုးစားရပါလိမ့်မယ်”ဟု အော်စကာက ပြောဆိုသွားသည်။

Soccer Myanmar

0 comments:

Post a Comment