Pages

Subscribe:

Thursday, April 30, 2015

ပေါ့ဂ်ဘာကို အသင်းက ခေါ်ယူဖြစ်ရန် PSG ကစားသမားများ မျှော်လင့်နေ



ပေါ့ဂ်ဘာကို အသင်းက ခေါ်ယူဖြစ်ရန် PSG ကစားသမားများ မျှော်လင့်နေ

ပေါလ်ပေါ့ဂ်ဘာကို အသင်း အနေဖြင့် လက်ရ ခေါ်ယူ စာချုပ်နိုင်ရန် မျှော်လင့်ကြောင်း PSG ကစားသမားများက ထုတ်ဖော် ပြောကြားလိုက်သည်။
ဘရာဇီးလ် လက်ရွေးစင် ဗဟိုနောက်ခံလူ သီယာဂို ဆေးလ်ဗားနှင့် အီတလီ လူငယ်ခြေတက် ကွင်းလယ်ကစားသမား မာကို ဗာရတ်တီတို့က ဂျူဗင်းတပ်စ်တွင် ခြေစွမ်းပြနေသည့် ပြင်သစ်လူငယ် ကွင်းလယ် ဖန်တီးရှင်ကို အသင်းတွင် လာရောက် ပူးပေါင်းကစားရန် လိုလားနေသည်။ ပေါ့ဂ်ဘာ၏ အေးဂျင့်သည် ပြင်သစ်ချန်ပီယံ အသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် နွေရာသီတွင် PSGက ပေါ့ဂ်ဘာကို ကမ်းလှမ်း ဝယ်ယူသွားမည်ဆိုသော ခန့်မှန်းချက်များလည်း ပိုမို ကျယ်ပြန့်လာသည်။
ပေါ့ဂ်ဘာကို ၎င်း၏ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အပြင် ရီးယဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ ချယ်လ်ဆီး၊ မန်ချက်စတာစီးတီး အစရှိသည့် အသင်းများကလည်း စောင့်ကြည့်လျက် ရှိသည်။ ဆေးလ်ဗားက “ပေါ့ဂ်ဘာက ငယ်ရွယ်ပြီး အရည်အသွေး ပြည့်ဝတဲ့ ကစားသမား တစ်ယောက်ပါ။ ကျွန်တော်တို့ အသင်းက ဗာရတ်တီလိုပေါ့။ နောက်ပြီး သူဟာ ပြင်သစ်တစ်ယောက် ဖြစ်နေတယ်။ ဒီတော့ အသင်းကို ရောက်လာရင် ဘာသာစကား ပြဿနာဘာညာ ရှိမှာမဟုတ်ဘူး။ ပြီးတော့ သူသာ PSGကို တကယ်ရောက်လာမယ် ဆိုရင် ပထမဆုံး အသင်းကို ရောက်တဲ့နေ့ကစလို့ အစစ အရာရာ အဆင်ပြေနေအောင် ကျွန်တော်တို့က နွေးနွေးထွေးထွေး ကြိုဆို ကူညီသွားမှာပါ” ဟု ဆိုသည်။
ဗာရတ်တီကလည်း “ပေါ့ဂ်ဘာက ထူးချွန်တဲ့ ကစားသမား တစ်ယောက်ပါ။ သူသာရောက်လာရင် အသင်းကို သေချာပေါက် အကူအညီ ပေးနိုင်ပါလိမ့်မယ်။ PSGက ကြီးမားတဲ့ အောင်မြင်မှုတွေကို မျှော်မှန်းတယ်ဆိုရင် သူ့လို ကစားသမားမျိုးတွေကို လိုအပ်ပါတယ်။ တကယ်လို့ သူသာ PSGနဲ့ စာချုပ်ချင်စိတ် ရှိတယ်ဆိုရင် ကျွန်တော်ကလည်း သူနဲ့အတူ တွဲဖက်ကစားဖို့ အရမ်း မျှော်လင့်ထားပါတယ်”ဟု ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment