Pages

Subscribe:

Thursday, April 23, 2015

ရီးယဲလ်ကို ချန်ပီယံလိဂ် အကြို ဗိုလ်လုပွဲ ရောက်စေခဲ့သည့် အနိုင်ဂိုးရှင် ဟာနန်ဒက်ဇ်ကို အန်ဆလော့တီ ချီးကျူး



ရီးယဲလ်ကို ချန်ပီယံလိဂ် အကြို ဗိုလ်လုပွဲ ရောက်စေခဲ့သည့် အနိုင်ဂိုးရှင် ဟာနန်ဒက်ဇ်ကို အန်ဆလော့တီ ချီးကျူး

ရီးယဲလ် မက်ဒရစ်ကို ချန်ပီယံလိဂ် အကြို ဗိုလ်လုပွဲ ရောက်ရှိစေ ခဲ့သည့် အနိုင်ဂိုးရှင် ဟာဗီးယား ဟာနန်ဒက်ဇ်ကို အသင်းနည်းပြ ကာလို အန်ဆလော့တီက ချီးကျူးစကား ပြောကြားခဲ့သည်။

မန်ချက်စတာ ယူနိုက်တက်မှ အငှားလာရောက် ကစားနေသော်လည်း ဘာနေဗျူးတွင် ပုံမှန် ပွဲထွက်ခွင့် မရသည့် မက္ကစီကို လက်ရွေးစင် တိုက်စစ်မှူးသည် ယခုပွဲတွင်မူ အသင်း၏ ဗဟိုတိုက်စစ်၌ ပါဝင်ကစားခွင့် ရခဲ့ပြီး ပွဲချိန်(၈၈)မိနစ်၌ တစ်လုံးတည်းသော ဂိုးကို သွင်းယူခဲ့သည်။ ရီးယဲလ်သည် တစ်ယောက်လျော့ အက်သလက်တီကို မက်ဒရစ် အသင်းကို နှစ်ကျော့ပေါင်းရလဒ် (၁-၀)ဖြင့် အသာစီးယူပြီး ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။ ယခုဂိုးသည် ရီးယဲလ် အတွက် ဟာနန်ဒက်ဇ်၏ (၆)လုံးမြောက် သွင်းဂိုးလည်း ဖြစ်လာသည်။ အန်ဆလော့တီက ဖိအားများစွာ ရှိနေသည့် အခြေအနေ မျိုးတွင်ပင် အကောင်းဆုံး ခြေစွမ်း ပြနိုင်ခြင်း အတွက် ဟာနန်ဒက်ဇ်အား ချီးကျူးခဲ့သည်။

အသက်(၂၆)နှစ်အရွယ် ကစားသမားနှင့် ပတ်သက်ပြီး အန်ဆလော့တီက “သူက ပရော်ဖက်ရှင်နယ် ပီသလွန်းသူပါ။ သူ့အတွက် ကျွန်တော် ပျော်မိပါတယ်”ဟု ဆိုသည်။ ရီးယဲလ်သည် ယခုအခါ ချန်ပီယံလိဂ် အမည်ဖြင့် ကျင်းပသည့် ပြိုင်ပွဲသက်တမ်းတစ်လျှောက် ချန်ပီယံဆုဖလားကို ကာကွယ်နိုင်သည့် ပထမဆုံး အသင်းဖြစ်ရန် နီးစပ်လာခဲ့သည်။ အန်ဆလော့တီက “ကျွန်တော်တို့ ကြိုးစားမှာပါ။ ဒါပေမဲ့ လွယ်မှာတော့ မဟုတ်ဘူး။ ဂျူဗင်းတပ်စ်၊ ဘိုင်ယန်မြူးနစ်၊ ဘိုင်ယန်မြူးနစ် တစ်သင်းသင်းနဲ့ အကြိုဗိုလ်လုပွဲ ကစားရမှာလေ။ ကျွန်တော်တို့ဟာ ပြိုင်ဆိုင်လိုမှု ပြင်းထန်တဲ့ အသင်းပါ။ ဒီပွဲတွေမှာ တတ်နိုင်သလောက် အကောင်းဆုံး အားထုတ် ယှဉ်ပြိုင်သွားပါမယ်”ဟုလည်း ပြောကြားခဲ့သည်။

ယခုပွဲတွင် ဂိုးသွင်းခဲ့သည့် ဟာနန်ဒက်ဇ်က အဆိုပါ သွင်းဂိုးသည် မိမိ၏ ဘဝတွင် အလွန်အရေးပါကြောင်း ဖွင့်ဟခဲ့သည်။ “လက်ရှိ အနေအထားတွေအရ ဒီဂိုးဟာ သိပ်အရေးပါခဲ့ပါတယ်။ ဒါဟာ ဒါဘီပွဲစဉ် တစ်ခုမှာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲဟာ မနှစ်က (၁၀)ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား ရခဲ့တဲ့ ဗိုလ်လုပွဲကို ပြန်အမှတ်ရစေပြီး ကျွန်တော်က ဂိုးသွင်းသူ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနိုင်ပွဲဟာ ကျွန်တော့်ကို ယုံကြည်ပေးသူ၊ ကျွန်တော့်အသင်းဖော်တွေ၊ ကျွန်တော့်မိသားစု အားလုံးနဲ့ သက်ဆိုင်ပါတယ်”ဟု ဟာနန်ဒက်ဇ်က မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment